![]() |
ပြည်သူ့သဘောထားကို အလေးထားဖို့ လူ့အခွင့်အရေးကောင်စီ စစ်ဗိုလ်ချုပ်တွေကို တိုက်တွန်း |
အာဏာသိမ်း စစ်တပ် အနေနဲ့ နိုင်ငံတကာ ဖိအားတွေ ပိုပြီး ကြီးမား လာနေပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် ရှုတ်ချထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ အစိုးရ ကိုယ်စားလှယ်က ငြင်းဆိုလိုက်ပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ဟာ လက်သင့်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ ဂျနီဗာ အခြေစိုက် မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးမြင့်သူက လူ့အခွင့်အရေး ကောင်စီကို ပြောပါတယ်။
ဗြိတိန်နဲ့ အီးယူတို့ မူကြမ်းရေးဆွဲ တင်သွင်းပြီး၊ အဖွဲ့၀င် ၄၇ နိုင်ငံကြား မဲမခွဲပဲ အတည်ပြုနိုင်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးခံ အစိုးရခေါင်းဆောင်တွေကို ပြန်လွှတ်ရေး၊ ဆန္ဒပြသူတွေ အပေါ် အကြမ်းမဖက်ရေး၊ ပြည်သူရဲ့ ဆန္ဒတွေ အပေါ် လေးစားရေး စတဲ့ တိုက်တွန်းချက်တွေ ပါ၀င်ပါတယ်။
ရုရှားနဲ့ တရုတ်တို့ကတော့ အဲဒီ ဆုံးဖြတ်ချက်ထဲ သူတို့ မပါ၀င်ဘူး ဆိုပြီး ရပ်တည် ခဲ့ပါတယ်။
ဦးမြင့်သူကလည်း အလားတူပဲ အခု ဆုံးဖြတ်ချက်နဲ့ မြန်မာပြည် မပတ်သက်ဘူး ဆိုပြီး တုံ့ပြန်ပါတယ်။
မြန်မာပြည်ရဲ့ လက်ရှိ အနေအထားဟာ ရှုပ်ထွေးတယ်၊ တပ်ခေါင်းဆောင်တွေက ဒီမိုကရေစီ ပျက်သုဥ်းအောင် လုပ်မှာ မဟုတ်ဘူးလို့ ဦးမြင့်သူက ဆုံးဖြတ်ချက် မထွက်ခင် အစောပိုင်းမှာလည်း ပြောထားပါတယ်။
အီးယူအဖွဲ့ ကိုယ်စား ဩစတြီးယားရဲ့ အမြဲတမ်း ကိုယ်စားလှယ် အဲလိဇဘက် တစ်ခ်ဟီ-ဖစ်ဘာဂါ က ထွက်လာတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို အကာအကွယ် ပြုပေးဖို့ ကျွန်မတို့ အားလုံး ဘယ်လောက် အလေးအနက် ထားသလဲ ဆိုတာကို၊ ဒီဆုံးဖြတ်ချက်က ပြတ်ပြတ်သားသား ဖော်ပြနေတယ် ဆိုပြီး ပြောပါတယ်။
BBC Burmese

No comments:
Post a Comment