ကန် ပစ်မှတ်ထား အရေးယူသူစာရင်းမှာ စစ်ခေါင်းဆောင် ၂ ဦး ထပ်တိုး

ကန် ပစ်မှတ်ထား အရေးယူသူစာရင်းမှာ စစ်ခေါင်းဆောင် ၂ ဦး ထပ်တိုး

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအတွက် တာဝန်ရှိတဲ့ စစ်ရေးယန္တရားနဲ့ ချိတ်ဆက်နေသူ နောက်ထပ်နှစ်ဦးကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက် နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာန (OFAC) က တနင်္လာနေ့ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တဲ့အတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အခုလို အရေးယူမှုလုပ်ခဲ့တာဖြစ်တယ်လို့ အဲဒီကြေညာချက်မှာဖေါ်ပြထားပါတယ်။

ထပ်မံအရေးယူလိုက်တဲ့ စစ်ခေါင်းဆောင်နှစ်ဦးကတော့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းအပြီး ဖေဖေါ်ဝါရီလ (၂) ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီအဖွဲ့မှာ သူတို့နှစ်ဦးကို ထည့်သွင်းဖို့ရှိကြောင်း မြန်မာစစ်တပ်က ကြေညာထားတဲ့ အတွက် အမေရိကန်အစိုးရဘက်က သူတို့ကို ဒဏ်ခတ်အရေးယူလိုက်တာဖြစ်ပါတယ်။

မြန်မာစစ်အာဏာသိမ်းပြီးပြီးချင်း အမေရိကန်ဘက်က တုန့်ပြန်အရေးယူတဲ့အနေနဲ့ စစ်ခေါင်းဆောင် (၁၀)ဦးအပါအဝင် မြန်မာ့စီးပွားရေးလုပ်ငန်းကြီးတခုရဲ့ လက်အောက်ခံ ကုမ္ပဏီသုံးခုကိုဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ဖေါ်ဝါရီလ (၁၁) ရက်နေ့က ကြေညာထားပါတယ်။

အဲဒီစာရင်းထဲမှာ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုသမ္မတ အငြိမ်းစားဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ် မြထွန်းဦး၊ ရေတပ် ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ဖြစ်ပါတယ်။

အမေရိကန်က အရေးယူထားတဲ့ မြန်မာကုမ္ပဏီသုံးခုကတော့ Myanmar Ruby Enterprise၊ Myanmar Imperial Jade Co., LTD. နဲ့ Cancri (Gems and Jewellery) Co., LTD. တို့ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့က သမ္မတရဲ့ အထူးလုပ်ပိုင်ခွင့်နဲ့ သမ္မတ ဂျိုးဘိုင်ဒန် ပြဌာန်းလိုက်တဲ့ မြန်မာအပေါ် ပစ်မှတ်ထားဒဏ်ခဏ်အရေးယူမှုအသစ် (E.O. 14014) အမိန့်အရ ဘဏ္ဍာရေးဌာနက လုပ်ဆောင်တာဖြစ်တယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

” မြန်မာနိုင်ငံရဲ့ အခြေအနေတွေအရ အိမ်ခြံမြေတွေကိုပိတ်ဆို့ခြင်း” ဆိုတဲ့ သမ္မတရဲ့ အမိန့်အောက်မှာ နိုင်ငံခြားသားတွေတွေဖြစ်တဲ့ မြန်မာ စစ်တပ် ဒါမှမဟုတ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ရှိခေါင်းဆောင်တွေ သို့မဟုတ် ခေါင်းဆောင်ဟောင်းတွေ၊ အရာရှိတွေ၊ အရာရှိဟောင်းတွေကို ပစ်မှတ်ထား အရေးယူထားတာဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-targets-violence-against-protestors/5789020.html

ကန် ပစ်မှတ်ထား အရေးယူသူစာရင်းမှာ စစ်ခေါင်းဆောင် ၂ ဦး ထပ်တိုး ကန် ပစ်မှတ်ထား အရေးယူသူစာရင်းမှာ စစ်ခေါင်းဆောင် ၂ ဦး ထပ်တိုး Reviewed by THITHTOOLWIN on 10:29 Rating: 5

No comments:

Powered by Blogger.