ပစ်ခတ်နှိမ်နင်းခံရပြီးနောက်တရက် နေပြည်တော်ဆန္ဒပြမှုဆက်ဖြစ်

Soldiers stand guard on a blockaded road to Myanmar's parliament in Naypyidaw on February 1, 2021, after the military detained the country's de facto leader Aung San Suu Kyi and the country's president in a coup. (Photo by STRINGER / AFP)

အစိုးရရုံးစိုက်ရာ နေပြည်တော် အပါအဝင် မြို့ကြီးတချို့မှာ စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို ရဲတပ်ဖွဲ့က အင်အားသုံးရှင်းလင်းတာတွေ ရှိခဲ့ပေမဲ့ အရှိန်လျော့သွားတဲ့ လက္ခဏာတော့ မတွေ့ရပါဘူး။ နေပြည်တော်မှာ ဆိုရင်လည်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူငယ် ၂ ဦး ဒဏ်ရာအပြင်းအထန် ရခဲ့ပေမဲ့ ဆန္ဒပြပွဲတွေလည်း ဆက်ဖြစ်နေပါတယ်။ နေပြည်တော်နဲ့ တခြားမြို့ကြီးတွေက နောက်ဆုံးအခြေအနေတွေကိုတော့ VOA မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

သွေးထွက်သံယို ထိခိုက်မှုတွေ ဖြစ်ခဲ့တဲ့အထိ ရဲတပ်ဖွဲ့က နှိမ်နင်းမှုတွေ ကြုံခဲ့ရပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ နေပြည်တော်မှာ ဆန္ဒပြပွဲတွေ အရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။ မွန်းလွဲပိုင်းလောက်က စခဲ့တဲ့ လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေဟာ ညနေပိုင်းမှာ အင်အားပိုကောင်းလာတယ်လို့လည်း ဆန္ဒပြပွဲမှာ ပါဝင်သူ တယောက်က ဗွီအိုအေကို ပြောပါတယ်။

“အခုအချိန်မှာတော့ ပြည်သူဖက်က စည်းကမ်းတကျ လိုက်နာမှုရှိတယ်။ စည်းကမ်းတကျနဲ့ ဆန္ဒပြတဲ့သူတွေ ပဲများပါတယ်ဗျ။ စည်းကမ်းဖောက်ဖျက်တာတွေလည်း မရှိတော့ဘူးဗျ။ ခုက သူတို့က (ရဲတွေ) က လော်နဲ့အော်ပြီးတော့ ဒီနားမှာ ဆန္ဒမပြဖို့ လူစုခွဲဖို့ ကိုယ်အိမ်မှာကိုယ်နေဖို့ အော်တယ်ဗျ။ မနေ့က ထက်ကို လူအင်အားပေါင်းသိန်းကျော် တစ်သိန်းကျော်မှာရှိတယ်ဗျ။”

လူစုလူဝေးမလုပ်ဖို့ အာဏာပိုင်တွေက သတိပေးထားပေမယ့် စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေရာအနှံ့ ဆက်လက်ဖြစ်ပွားနေတာကို အာဏာပိုင်တွေ ထိန်းချုပ်ဖို့ ကြိုးစားရာက မနေ့တုန်းက နေပြည်တော်မှာ သွေးထွက်သံယို အဖြစ်နဲ့လည်း ကြုံခဲ့ရတာပါ။ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်သူ ၂ ဦးအပါအဝင် လူ ၂၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်သူတွေထဲက ၁ ဦးဖြစ်တဲ့ မိန်းကလေးငယ်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ကြောင်းလည်း ကုသမှုပေးနေတဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက ဆရာဝန် တစ်ဦးက ပြောပါတယ်။

“ခေါင်းထိမှန်တဲ့ ညီမလေးကတော့ သူက အထူးကြပ်မတ်ကုသဆောင်ထဲမှာပဲရှိပါသေးတယ်။ မနေ့က အခြေအနေအတိုင်းပဲ ထူးခြားလာတာမရှိဘူး။ ပိုပြီးကောင်းလာတာလည်းမရှိဘူး၊ ပိုပြီးဆိုးဝါးလာတာလည်းမရှိဘူး။ ရင်ဘတ်ထိမှန်တဲ့ ညီငယ်ကတော့ သူကတော့ သက်သာပါတယ်။ သက်သာနေပါပြီ၊ စိုးရိမ်ရတဲ့ အခြေအနေလည်း မရှိတော့ပါဘူး။ မျှော်လင့်ချက်ကတော့ သူကလေ ဆေးရုံကို စရောက်လာတဲ့ အချိန်ကတည်းကိုက သူက လုံးဝသတိမရတောဘူး။ သူက အရမ်းကြီးစိုးရိမ်ရတဲ့ အနေအထားနဲ့ ရောက်လာတာ။ ခေါင်းထိမှတ်တဲ့ ဒဏ်ရာကလည်း အင်မတန်ပြင်းထန်တဲ့ ဒဏ်ရာဖြစ်တယ်။ စပြီးတော့ ထိခိုက်မိတဲ့ အချိန်မှာကတည်းကိုက ကျည်ဝင်သွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ဦးနှောက်ပျက်စီးမှုက အရမ်းများတယ်ခင်ဗျ၊ ဒီအချိန်မှာက သူက ခွဲစိတ်ဖို့အတွက် မဖြစ်နိုင်တဲ့ အနေအထားပေါ့နှော်။ ခွဲစိတ်ဖို့မဖြစ်နိုင်တော့ ကျွန်တော်တို့ စောင့်ကြည့်ရုံပဲတတ်နိုင်တာပေါ့။ ရှင်းရှင်းပြောရရင်တော့ သူသည်

အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်တဲ့ အနေအထား၊ ပြီးတော့ အသက်အန္တာရာယ်အလွန်အမင်းစိုးရိမ်ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။”

အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို မကျေနပ်တာကြောင့် ဆန့်ကျင်အုံကြွမှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေကတော့ တချို့နေရာတွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသလို လူစုလူဝေး မလုပ်ဖို့လည်း သတိပေးထားပါတယ်။ အာဏာပိုင်တွေ သတိပေးနေပေမဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ အစိုးရဝန်ထမ်းတွေ အပါအဝင် ပူးပေါင်းပါဝင်လာသူတွေ တိုးလာနေတယ်လို့လည်း စစ်ကိုင်းတိုင်း ကလေးတက္ကသိုလ်က ကျောင်းသားတယောက်က ပြောပါတယ်။

“ကလေးမှာက ပြည်သူလူထုတွေကတော့ ပုံမှန်ထက် ပိုပိုများလာပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြီးကတည်းကကို၊ လျှော့မသွားဘဲနဲ့ အဆမတန်တိုးလာတယ်ပေါ့နှော်။ ရွာဖက်တွေကလည်းထွက်လာတယ်။ လက်ရှိ ဒီနေ့ ထူးခြားတာကတော့ သစ်တောဝန်ထမ်းတွေ အကုန်လုံး ကျွန်တော်တို့ ဆန္ဒပြတဲ့ သပိတ်မှာ ပူးပေါင်းပါဝင်လာတယ်။ သူတို့ ရုံးယူနီဖောင်းတွေနဲ့ပေါ့။ ပြီးတော့ ရှေ့နေများအသင်းချုပ်ကရော၊ ပုဂ္ဂလိက ဘဏ်တွေက ဝန်ထမ်းတွေရော ပူးပေါင်းပါဝင်လာတယ်ပေါ့နှော် ဒီနေ့။ ဒီဖက်မှာကတော့ တင်းတင်းမာမာ အခြေအနေမျိုးတော့ မရှိသေးဘူးပေါ့။ ညပိုင်းတွေမှာ ကျောင်းသားခေါင်းဆောင်တွေကိုတော့ လိုက်လံ ရှာဖွေတာမျိုးတော့ ရှိနေတုန်းပါဘဲ။ တစ်ယောက်မှတော့ ဖမ်းဆီးမခံရသေးဘူးပေါ့နှော်။ ဝင်ရောက်ဖမ်းဆီးတာမျိုးတော့မရှိသေးဘူး၊ လမ်းကြောင်းတွေ ပိတ်တာမျိုးတော့ရှိတယ်။ ဆန္ဒပြပြည်သူတွေကတော့ ပိတ်တဲ့လမ်းကြောင်းတွေကို ရှောင်ကွင်းပြီး ဆက်ပြီး ဆန္ဒပြသွားတာ ဖြစ်တဲ့အတွက် နှစ်ဖက်ထိခိုက်မှုတော့ ဘာမှတော့မရှိသေးပါဘူးခင်ဗျ။”

ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲစည်းထားတဲ့ ပြည်ထောင်စုလွတ်တော် ကိုယ်စားပြုကော်မတီကတော့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက် နှိုင်နင်းတာတွေမလုပ်ဖို့နဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးကို အကာအကွယ်ပေးဖို့ မနေ့က ကြေညာချက် ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်ကို ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြနေသူတွေကို အင်အားသုံးနှိုင်နင်းတာတွေမလုပ်ဖို့နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တွေကို လေးစားဖို့သတိပေးထားပါတယ်ရှင်။


အိမ့်သန္တာထွန်း/ VOA Burmese

https://burmese.voanews.com/a/napetaw-every-burma-more-and-more-protest-against-military-coup/5773287.html

ပစ်ခတ်နှိမ်နင်းခံရပြီးနောက်တရက် နေပြည်တော်ဆန္ဒပြမှုဆက်ဖြစ် ပစ်ခတ်နှိမ်နင်းခံရပြီးနောက်တရက် နေပြည်တော်ဆန္ဒပြမှုဆက်ဖြစ် Reviewed by THITHTOOLWIN on 06:57 Rating: 5

No comments:

Powered by Blogger.