ညအချိန်မတော် ဖမ်းဆီးမှုတွေအပေါ် ဥပဒေပညာရှင်ရဲ့ သုံးသပ်ချက်


စစ်ကောင်စီက အာဏာယူတာကို ဆက်လက် ဆန့်ကျင် ဆန္ဒပြနေကြချိန်မှာဘဲ ညပိုင်းမှာ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေပြီး ရပ်ရွာ အသိုင်းအဝိုင်းကလည်း အရပ်သားတွေ ဖမ်းဆီး မခံရရေး ဝန်းရံ လှုပ်ရှားနေကြပါတယ်။ တချိန်တည်းမှာဘဲ ရဲတပ်ဖွဲ့က ည အချိန်မတော် လာဖမ်းရင် ဥပဒေကြောင်း အရ ဆောင်ရန် ရှောင်ရန်တွေကိုလည်း လူမှုကွန်ယက်တွေကနေ ဖြန့်ဝေ လှုပ်ရှားနေကြပါတယ်။ ရဲဘက် အရပ်ဘက် ဥပဒေကြောင်း အရ လိုက်နာ ရမယ့် အချက်တွေကို တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်ကို ဆက်သွယ်မေးမြန်းတာမှာတော့ မှတ်တမ်း ရိုက်ယူထားမှုက တရားရုံးမှာ သက်သေ အဖြစ် တင်သွင်းနိုင်တဲ့ အကြောင်း စပြီး ရှင်းပြပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်။ ။ သူတို့ ပြောထားတဲ့ လာဖမ်းတာနဲ့ Live လွှင့်ပါ ဘာညာ ဆိုတာကတော့ Live လွှင့်ခြင်း မလွှင့်ခြင်း ဒီဟာ အပေါ်မှာ မဝေဖန်လိုဘူး။ သို့သော် ဒီ ဗွီဒီယို ရိုက်ထားတာတွေ၊ ဒီ အသံဖိုင် မှတ်တမ်းတွေကတော့ တချိန်ကျရင် တရားရုံးမှာ Electronic Document (မှတ်တမ်း) အနေနဲ့ သက်သေခံ ဝင်နိုင်တယ်။ အဲဒါမျိုး ဖြစ်နိုင်တယ်။ အသုံးပြုလို့ ရတယ်ပေါ့။ သက်သေခံ အနေနဲ့ပေါ့။

နောက်တခါ ဒီ ရဲ ဆိုရင် ဒုရဲအုပ် အဆင့်မရှိသူ ဖမ်းခွင့် မရှိဘူးဆိုတာ ဒါကလည်း ရာဇဝတ် ကျင့်ထုံး အရ မှန်ပါတယ်။ နောက် အမည် ရာထူး ဘာညာ ဆိုတာ မေးထားတာတော့ ကောင်းတယ်။ ဘယ်သူ လာဖမ်းသွားတယ်။ ဘယ်သူက ဦးဆောင်ပြီးတော့ လာဖမ်းသွားတယ် ဆိုတဲ့ဟာ။

နောက်တခါ ဘာအမှုလဲ၊ ဆွေးနွေးချင်လို့ပါ ဆိုတဲ့ ကိစ္စတွေကျတော့ တချို့ လာဖမ်းတဲ့ ဟာတိုင်းမှာတော့ သူတို့ ဒီလို ကျနော် သိသလောက်တော့ လာဖမ်းတာ ပုဒ်မ တမျိုး၊ ဥပဒေ အကြံပေးမှာ ပုဒ်မ တမျိုး၊ တရားခွင်ရောက်တော့ ပုဒ်မ တမျိုး။ ဒါမျိုးတွေ ဖြစ်နိုင်တယ်။ အဲတော့ ဘာနဲ့ လာဖမ်းလဲ ဆိုတာကတော့ ဖမ်းတဲ့လူ ကိုယ်တိုင် တောင်မှဘဲ သိချင်မှ သိမယ်။ တရားရုံးရောက်ရင်လည်း တမျိုး ဖြစ်နိုင်တယ်။ တချို့က ရမန် ကာလ အတွက်ဆိုပြီးတော့ ပုဒ်မ တခုခု တပ်ပြီးတော့ လာယူတာပေါ့ဗျာ။

အဲတော့ ခြေဥ ပျက်ပြီလားဆိုတဲ့ မေးခွန်းက ဒါကတော့ မေးနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ကျနော်ကတော့ ဒါကတော့ အလုပ်မဖြစ်ဘူးလို့ ယူဆတယ်။ ဘာလို့လဲ ဆိုတော့ ၂၀၀၉ ခုနှစ်က ဖြစ်ခဲ့တာ နိုင်ငံတော် အမှုကြီး မှာ တောင်မှဘဲ ၁၉၇၄ ဥပဒေကို မှီငြမ်းပြီးတော့ သက်သေ လာထွက်ဆိုတာတွေ ရှိတယ်။ ဒါ တရားခွင်မှာ။ အဲဒီ အခါကျတော့ ဒါ ခြေဥ ပျက်လား မပျက်လားဆိုတာတော့ လာဖမ်းတဲ့ အာဏာပိုင် အဖွဲ့အစည်း အနေနဲ့ သူတို့ ပြောချင်လည်း ပြောမယ်။ မပြောချင်လည်း မပြောဘူးပေါ့။ ဒါကတော့ အရေးမကြီးဘူးလို့ ကျနော် ထင်တယ်။

နောက်တခါ တခု လွဲနေတဲ့ အရေးကြီးတဲ့ ကိစ္စ တခုက ရာဇသတ် ၉၆ ကို ညွှန်းထားတယ်။ အမှန်တော့ ရာဇသတ်ကြီး ၉၆ ဆိုတာက ဒီ ကာကွယ် ခုခံပိုင်ခွင့် အရ ပြုလုပ်တဲ့ ကိစ္စတွေကို ပြောတာ။ ကာကွယ် ခုခံပိုင်ခွင့်မှာ အင်္ဂါရပ်တွေ ရှိတယ်နော်။ ကိုယ့်ကို သေမလို လုပ်တဲ့ အခါ၊ နာမလို ဒဏ်ရာ အနာတရ ဖြစ်မလို လုပ်တဲ့ အခါမျိုးတွေမှာ ဒီဟာ ကာကွယ် ခုခံပိုင်ခွင့် သုံးခွင့် ရှိတယ်။

သို့သော် အာဏာပိုင် အဖွဲ့က လာပြီးတော့ ဖမ်းတဲ့ ဟာကို ကိုယ်က ကာကွယ် ခုခံပိုင်ခွင့် ရှိပါတယ်ဆိုပြီး သွားသုံးလို့ ရှိရင် ကိုယ်က လက်သီးနဲ့ထိုး တုတ်တွေ ဓားတွေနဲ့ ကာကွယ် မိမယ်ဆိုရင် ပြသနာ ကြီးမယ်။ ရာဇသတ်ကြီး ၃၅၃ တာဝန် ၀တ္တရား နှောင့်ယှက်မှုတွေ ဒါတွေက အလွယ်ရှိလို့ ရတဲ့ဟာ။

နောက်တခါ ဒီလို အခြေအနေမျိုးမှာ တကယ်လို့များ ဖမ်းတာကို လက်နက် တစုံတရာနဲ့ ကာကွယ် ခုခံ မိလို့ ရှိရင် အဲဒါက ပစ်တာ ခတ်တာတွေ ဖြစ်ရင် နစ်နာမှာက ပြည်သူဘဲ နစ်နာမှာ။

သိင်္ဂ ီထိုက်။ ။ ဆိုတော့ ရေးနေကြတဲ့ လာဖမ်းရင် တံခါးဖွင့် မပေးလဲ ရတယ်ဆိုတော့ ဖွင့်ပေးခြင်း မဖွင့်ပေးခြင်းနဲ့ ပတ်သက်ပြီးတော့ရော ဆရာ အကြံပေးလို့များ ရပါလား။

တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်။ ။ ဒီဟာက တာဝန် ၀တ္တရား ဆောင်ရွက်တဲ့ ဒီ အာဏာပိုင် အဖွဲ့အစည်းက လုပ်တဲ့ဟာက နောက်ဆုံး သူတို့မှာ အတင်းအကြပ် ဖျက်ပြီးတော့ ဝင်ပိုင်ခွင့်တွေ ရှိတယ်နော် ဥပဒေ ပြဌာန်းချက်တွေ အရ။ အဲလိုမျိုးတွေ ဆိုတော့ ဒါကတော့ ကိုယ် ကြိုပြီးတော့ သိထားတော့ ဥပဒေ သိထားပြီးတော့ ဘယ်လို ကာကွယ်ရင်တော့ လွတ်မြောက်မလဲ၊ ဘယ်လိုမျိုး ဆိုရင် ဖြစ်မလဲ ဆိုတာကတော့ ပိုကောင်းတာပေါ့။ ခုနလို တံခါး မဖွင့်ပေးဘဲ နေတာတို့ ဘာတို့ကတော့ ဥပဒေမှာတော့ အဲလို ပြဌာန်းထားတာတော့ မရှိဘူး ပေါ့နော်။

သိင်္ဂ ီထိုက်။ ။ ဆရာ နောက်တခုက ဆရာလည်း Facebook မှာ ရေးထားတာ တွေ့ပါတယ်။ ဒါတွေ ကူညီပေးလို့ ရတယ်ဆိုတော့ အခု ဖမ်းခံထားရတဲ့ သူတွေကိုရော ဥပဒေကြောင်း အရ ဆရာတို့ ဘာများလုပ်လို့ ရနိုင်ပါသလဲ။

တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်။ ။ ကျနော်တို့ ရှေ့နေတွေ အကူအညီတောင်းလို့ ရှိရင်တော့ ကူညီပေးလို့ ရတယ်။ သို့သော် ကျနော်တို့ဆီ အကူအညီ တောင်းခံမှု တချို့ ရှိတယ်။ ရှိတဲ့ဟာက ဘယ်လိုလဲ ဆိုတော့ Third Party (တဆင့်လူ) ပေါ့ဗျာ။ အမှုသည်နဲ့ တိုက်ရိုက် မဆိုင်ဘဲနဲ့ ကြားထဲက ဖုန်းဆက်တာမျိုး ကျတော့ ကျနော်တို့ ဘယ် Source လိုက်လို့ လိုက်ရမှန်းလည်း မသိဘူးလေ။ အဲဒီတော့ တကယ်လို့များ ဖြစ်တဲ့ ကာယကံရှင် မိသားစုဝင် တယောက်ယောက်က အကူအညီ တိုက်ရိုက် တောင်းမယ်ဆိုရင်တော့ ကျနော်တို့ဘက်က ကူညီနိုင်တာ ကူညီပေးလို့ ရပါတယ်။

သိင်္ဂ ီထိုက်။ ။ နောက်ပြီ ဆရာ အကြံပြုထားတာလည်း ရှိပါတယ်။ အရင် ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်တုန်းက ဥပဒေ ပညာရှင်များက ဦးဆောင်ဖို့ ဆိုပြီးတော့။ ဆိုတော့ သူတို့ဘက်ကရော ဘာများ လုပ်နိုင်ပါသလဲ ဆရာ အခု ကိစ္စတွေမှာ။

တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်။ ။ အဲဒါက ကျနော်တော့ မသိဘူးဗျ။ အန်တီ့ လက်ထက်မှာ ဒီ ဥပဒေ ထောက်ကူပြု အဖွဲ့ ဆိုပြီး ဥပဒေနဲ့ တကွ ထုတ်ထားတာပေါ့နော်။ ဒီ မြို့နယ် အဆင့်ကနေ ပြီးတော့ ဗဟို အဆင့်ထိ ရှိတယ်။ အဲဒီတော့ မြို့နယ် အဆင့်ကနေ ဗဟိုအထိ အဆင့်ဆင့်သော ဥပဒေ ထောက်ကူပြု အဖွဲ့တွေက ကြီးကြပ်ပြီးတော့ ကူညီမယ်ဆိုရင်တော့ ပိုပြီးတော့ စနစ်တကျနဲ့ ကူညီဆောင်ရွက်မှုမျိုး ဖြစ်မယ်လို့ ကျနော် ယူဆတာပေါ့နော်။

သိင်္ဂ ီထိုက်။ ။ ဖမ်းခံထားရတဲ့ သူတွေကိုရော မိသားစုက တွေ့ခွင့် တောင်းပိုင်ခွင့် အခြေအနေရော အခုအချိန်ကြီးမှာ ရှိပါသလား ဆရာ။ တွေ့လို့ ရနိုင်ပါသလား။

တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်။ ။ အမှန် အတိုင်း ပြောရမယ်ဆိုရင်တော့ ဖမ်းထားတယ် ဆိုတဲ့ သူတွေနဲ့ ပတ်သက်ပြီး သေချာ ပွင့်ပွင့်လင်းလင်း ပြောသင့်တာပေါ့နော်။ အနည်းဆုံးတော့ မိသားစုကို အနည်းဆုံးတော့ ကျနော်တို့တော့ ဘယ်လို ဘယ်လို ဆောင်ရွက်ထားပါတယ် ဆိုတာတော့ ပြောသင့်တယ်။ အဲလိုမျိုး စာမလာ သတင်းမကြား အသံပျောက်ထွက်သွားပြီးတော့ ရက်ရှည် ဖမ်းထားတယ်ဆိုရင် ဒါက လူထုရဲ့ စိုးရိမ် သောက ပိုပြီးတော့ ဖြစ်စေနိုင်တယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့်။ ဒီ ဖမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေ ဘက်ကရော တောင်းဆိုပိုင်ခွင့် ရှိပါသလားရှင့်။ ဥပဒေ အရလေ။

တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်။ ။ ဥပဒေ အရ တောင်းဆိုခွင့် ရှိပါတယ်။ တောင်းဆိုလို့ ရပါတယ်။

သိင်္ဂ ီထိုက်။ ။ ကျေးဇူးတင်ပါတယ် ဆရာ။


 မသိင်္ဂီထိုက်/ VOA Burmese

https://burmese.voanews.com/a/inv-with-lawyer-u-than-zaw-aung-on-myanmar-night-arrests/5777220.html

ညအချိန်မတော် ဖမ်းဆီးမှုတွေအပေါ် ဥပဒေပညာရှင်ရဲ့ သုံးသပ်ချက် ညအချိန်မတော် ဖမ်းဆီးမှုတွေအပေါ် ဥပဒေပညာရှင်ရဲ့ သုံးသပ်ချက် Reviewed by THITHTOOLWIN on 05:23 Rating: 5

No comments:

Powered by Blogger.