မြစ်ကြီးနားဆန္ဒပြဖြိုခွဲခံရမှု လူ ၄၀ ထက်မနည်း ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ အကြမ်းဖက်ဖြိုခွဲတဲ့လုံခြုံရေးတပ်ဖွဲ့တွေကို တားဆီးနေတဲ့ ခရစ်ယာန်သီလရှင်တဦး (ဓာတ်ပုံ Mustard Seed for Life Myanmar/Feb 28th, 2021)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေ ဖြိုခွင်းခဲ့ရာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူအများအပြားဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ဒီကနေ့မနက် မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ဖောက်ဖြိုခွင်းခဲ့တယ်လို့ သပိတ်ဦးဆောင်သူအမျိုးသမီးတဦးကပြောပါတယ်။

“အခုလက်ရှိနောက်ဆုံးအခြေအနေကတော့ ဒီမနက်ပိုင်းကနေပြောမယ်ဆိုရင် ကျမတို့စုရပ်အနေနဲ့ Plan A-B ထားရှိတယ်ပေါ့။ Plan A-B ထားရှိခဲ့ပေမဲ့ သပိတ်စစ်ကြောင်းဆိုလို့ရှိရင် ကားတွေအများကြီးနဲ့ ပထမစုရပ် Plan A ဖြိုခွဲခံရတယ်ပေါ့နော်။ ပြီးရင် Plan B အနေနဲ့ ကျမတို့ပြန်စုတဲ့အခါ ရဲတွေက အဲဒီ Plan A နေရာမှာမစုတော့ဘဲနဲ့ ဒီ Plan B ကို အကုန်လုံး ဝိုင်းရံပြီး ကျမတို့ရဲ့ဒီစုရပ်ကို ပြန်ပြီးဖြိုခွဲပါတယ်။ အခုနောက်ဆုံးတော့ Plan B စုရပ်မှာပဲကျမတို့ အကုန်ပြန်ရောက်လာပါတယ်။ ဒါပေမဲ့ ဒီ အထက (၁)ကျောင်းဘက်မှာရှိနေတဲ့အုပ်စုတခုကတော့ အဝိုင်းခံနေရတယ်ပေါ့နော်။ ဒါပေမဲ့ အခုအနေအထားကျတော့လည်း အကုန်လုံးလည်း ပြန်သွားကြပြီ။ အဲဒီလိုရှိပါတယ်။ ဖြိုခွဲတော့ ကျမတို့ ဒီ လမ်းကြောင်းအတိုင်းကိုတော့ စစ်ကားရယ် ပြီးတော့ ရဲတွေရယ်-အများကြီး ဝန်းရံပြီး သေနတ်သံတွေနဲ့ပေါ့နော်- ခြိမ်းခြောက်တာမျိုးတို့၊ ပစ်တာမျိုး။ မျက်ရည်ယိုဗုံးပေါ့နော် အဲဒီလိုပစ်တော့ ကျမ တို့ လူစုကွဲသွားတယ်ပေါ့နော်။”

လုံခြုံရေးတပ်ဖွဲ့တွေကနေ သပိတ်တွေကိုဖြိုခွင်းရာမှာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိသလို (၄၀) ဦးထက်မနည်းအဖမ်းဆီးခံရတယ်လို့ သပိတ်ခေါင်းဆောင်တဦးက ပြောပာတယ်။

“ဖမ်းဆီးထိန်းသိမ်းခံရတာကတော့ စုစုပေါင်း (၄၈) ယောက်ရှိပါတယ်ဗျ။ ဒဏ်ရာရတာ ကျနော်သိတာ က (၅) ဦးပေါ့။ (၄) ယောက်ကတော့ သာမန်ဒဏ်ရာထိထားပြီး တယောက်ကတော့ လောလောဆယ်ဆယ် ပြင်ပဆေးရုံမှာတင်ထားပါတယ်။”

ဒီနေ့ ဆန္ဒပြပွဲဖြိုခွင်းခံရအပြီး လူအများအပြားဖမ်းဆီးခံရတဲ့အထဲမှာ သတင်းထောက်တဦးလည်း ပါသွားကြောင်း ဆန္ဒပြပွဲမှသတင်းယူနေတဲ့ သတင်းထောက် တဦးကပြောပါတယ်။

“သူက အရှေ့ကနေမပိတ်ဘဲနဲ့ အနောက်ကနေ ရာဘာသေနတ်က လူစုခွဲတယ်လေ ပစ်တယ်။ ပစ်တော့ အဲဒီ လူစုကပြန်ကွဲသွားတယ်။ ကျနော့်ရှေ့မှာပဲ ဒဏ်ရာရသူ (၃) ယောက်လောက်ရှိတယ်။ အဲဒီအနားမှာက ဘုရားကျောင်း တခုရှိတယ်။ ကျနော်တို့ကတော့ ဘုရားကျောင်းထဲကိုပြေးဝင်တယ်။ ဘုရားကျောင်းကိုတော့ သူတို့ (၄) ဘက် ပိတ်လိုက်တယ်။ ပေးမထွက်ဘူး အကြာကြီးပဲ။ အဖမ်းခံရတဲ့သူတွေကလည်း ကား (၂) စီး (၃) စီးလောက်ရှိတယ်။ 74 မီဒီယာ မြစ်ကြီးနားအခြေစိုက်ပေါ့။ အဲဒီက ကင်မရာမင်းတယောက်ပါသွားတယ်လို့ ပြောပာတယ်။”

အဖမ်းဆီးခံရတဲ့ဆန္ဒပြသူတွေပြန်လည်လွတ်မြောက်ရေးအတွက် မြို့သူမြို့သားတွေရော ဘာသာရေးဆိုင်ရာအကြီးအကဲတွေရော ကချင်ငြိမ်းချမ်းရေးအဖွဲ့ PCG ကပါ ကြိုးပမ်းနေပါတယ်။

လက်ရှိအဖမ်းခံရတဲ့သူတွေ လွတ်မြောက်ရေးအတွက်ကြိုးပမ်းနေဆဲပဲလို့ PCG အဖွဲ့က ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။

“သူတို့ ထောင်ထဲ ပို့လိုက်ပြီ။ ဒီနေ့ အယောက် (၄၀) လောက်ရှိတယ်ထင်တယ်။ အားလုံးပွဲသိမ်းတဲ့အခါကျမှပဲ သပိတ်သိမ်းတဲ့အခါကျမှပဲ ပြောရမယ်။”

ဒီနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်တွင်း ဝိုင်းမော်၊ ပူတာအို၊ ဗန်းမော်မြို့က ဆန္ဒပြလူထုတွေကို ရဲတပ်ဖွဲ့ က လူစုခွဲဖို့ ပြောဆိုပြီး ဆက်လက်ဆန္ဒမပြနိုင်ဖို့ ဖိအားပေးခဲ့ပါတယ်။

မနေ့ကလည်း ဝိုင်းမော်မြို့ဆန္ဒပြပွဲမှာ သပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး သပိတ်ဦးဆောင်သူ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်လငန်လွမ်းနော်နဲ့ ဒေသခံအမျိုးသမီးဒေါ်ဇတန်းဇယ်ညွယ်တို့ နှစ်ဦးကို မြစ်ကြီးနား အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တက်ကြွလှုပ်ရှားသူအမျိုးသမီးတဦးကပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်းနဲ့ ပူတာအိုဘက်တွေမှာ ဆန္ဒပြသူတွေနဲ့တက်ကြွလှုပ်ရှားသူတွေ (၅၀) ကျော် အဖမ်းဆီးခံနေရတယ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

မနေ့ကလည်း ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တနင်္သာရီတိုင်းဒေသကြီ၊ မြိတ်နဲ့ ထားဝယ် စတဲ့ မြို့အတော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီတောင်းဆိုတဲ့ဆန္ဒပြပွဲတွေကို တုတ်ကိုင်၊ သေနတ်ကိုင် ရဲတွေ၊ အရပ်ဝတ်တွေက အင်အားအလုံးအရင်းနဲ့ ပစ်ခတ် ရိုက်နှက် ဖမ်းဆီး ဖြိုခွဲမှုကြောင့် ဒဏ်ရာအများပြား ရရှိခဲ့သလို အဖမ်းဆီးခံရတွေလည်း များပြားလာနေပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်ကနေ အာဏာထိန်းသိမ်းခဲ့ပြီးတဲ့နောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ထိန်းသိမ်းခံခဲ့ရသလို တိုင်းနဲ့ပြည်နယ်အားလုံးမှာ ကန့်ကွက်သပိတ်မှောက် ဆန္ဒပြမှုတွေရှိလာပြီး ဖမ်းဆီးမှုတွေလည်း တိုးလာနေပါတယ်။


နိုင်ကွန်းအိန်/ VOA Burmese

https://burmese.voanews.com/a/what-is-happening-in-myanmar-myitkyina-arrested-40-coup-military-/5795940.html

မြစ်ကြီးနားဆန္ဒပြဖြိုခွဲခံရမှု လူ ၄၀ ထက်မနည်း ဖမ်းဆီးခံရ မြစ်ကြီးနားဆန္ဒပြဖြိုခွဲခံရမှု လူ ၄၀ ထက်မနည်း ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:22 Rating: 5

No comments:

Powered by Blogger.