၂၀၂၀ မြန်မာ အာဏာသိမ်း- လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်လာနိုင်တဲ့ စစ်ကောင်စီရဲ့ ဆိုင်ဘာလုံခြုံရေး ဥပဒေ

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်လာနိုင်တဲ့ စစ်ကောင်စီရဲ့ ဆိုင်ဘာလုံခြုံရေး ဥပဒေ

အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ နိုင်ငံတဝန်း ပေါ်ပေါက်နေသလို အင်တာနက် စာမျက်နှာတွေပေါ်မှာလည်း အာဏာသိမ်းမှုအကြောင်း ဝေဖန်ရှုတ်ချမှုတွေ အကျယ်တဝင့် ရေးသားဖော်ပြလာချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆိုင်ဘာလုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းဖို့ ပြင်ဆင်နေပါတယ်။

ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး သဘောထားမှတ်ချက်ပေးပို့ဖို့ တောင်းခံထားတာ ဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းဟာ အများပြည်သူရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်ကို ဟန့်တားနှောင့်ယှက်ရာရောက်တယ်လို့ အရပ်ဘက်လူ့အဖွဲ့အစည်း ၁၀၀ ကျော်က ထောက်ပြပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဆိုင်ဘာလုံခြုံရေး ဥပဒေ

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက ကြီးမှူးပြီး ဗဟိုကော်မတီတရပ် ဖွဲ့စည်းကာ ဆိုင်ဘာလုံခြုံရေး ကိစ္စရပ်တွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

စာမျက်နှာ ၃၆ မျက်နှာ၊ ပုဒ်မ ၈၉ ခု ပါတဲ့ အဲဒီ ဥပဒေမူကြမ်းမှာ အင်တာနက်အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထိန်းချုပ်တာ၊ အွန်လိုင်းပေါ်က ရေးသားပြောဆိုချက်တွေကို စောင့်ကြည့်တာ အပါအဝင် သတင်းတု သတင်းမှားတွေနဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ မျှဝေတာတွေကို စောင့်ကြည့်အရေးယူသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အွန်လိုင်းဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေ၊ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့လည်း အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားတဲ့ စက်ပစ္စည်းတွေကို ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နေရာမှာ ထားရှိရမှာ ဖြစ်ပါတယ်။

ဆိုက်ဘာနယ်ပယ်မှာ အမုန်းတရား ဖြစ်စေပြီး စည်းလုံးညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်သလို တည်ဆဲဥပဒေတရပ်ရပ်နဲ့ ဆန့်ကျင်တဲ့ ရေးသားဖော်ပြမှုတွေ၊ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံ၊ ဗီဒီယို၊ စာသားအသံဖိုင်တွေ တင်တာတွေ ရှိရင် တားဆီးဖျက်ဆီး ဖယ်ရှားရမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အွန်လိုင်းဝန်ဆောင်မှုပေးသူတွေအနေနဲ့ အသုံးပြုသူတွေရဲ့ အမည်၊ ဖုန်းနံပါတ်၊ စိစစ်ရေးကတ်၊ နေရပ်လိပ်စာနဲ့ အသုံးပြုမှုမှတ်တမ်း အားလုံးကို ၃ နှစ်အထိ ထိန်းသိမ်းထားရမှာ ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းက တောင်းခံရင် ပေးရမယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတွေကို လိုအပ်ပါက ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ပြီး ဒီလုပ်ငန်းတွေကို ယာယီပိတ်သုံးတာ၊ အပြီးတိုင် ပိတ်သိမ်းတာအပါအဝင် စက်ပစ္စည်းတွေကိုလည်း ယာယီထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

တခါ အွန်လိုင်းပေါ်မှာ လောင်းကစားလုပ်တာ၊ တရားဝင်ခွင့်ပြုထားတာမရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေး ရောင်းဝယ်မှုတွေကိုလည်း ကန့်သတ်ထားပါတယ်။

ထောင်ဒဏ်ကော ငွေဒဏ်ပါ ချမှတ်နိုင်တဲ့ ပြစ်မှုများ

ဆိုင်ဘာလုံခြုံရေး ဥပဒေချိုးဖောက်မှုနဲ့ ပတ်သက်လို့ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ် သိန်းတစ်ရာအထိ ချမှတ်နိုင်တဲ့ ပြစ်မှု ၁၉ မှုကို ဒီဥပဒေမူကြမ်းမှာ ထည့်သွင်းထားပါတယ်။

အီလက်ထရောနစ် သတင်းအချက်အလက်တွေကို နှောင့်ယှက် ဖျက်ဆီး ခိုးယူပြီး ဥပဒေနဲ့မညီတဲ့ ပေးပို့ ပြုပြင်တာတွေ လုပ်ရင် ထောင်သုံးနှစ် ဒါမှမဟုတ် ငွေဒဏ် သိန်းတစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မယ်လို့လည်း ဖော်ပြထားပါတယ်။

အင်တာနက် အွန်လိုင်းစာမျက်နှာ (ဆိုင်ဘာနယ်ပယ်) မှာ အများပြည်သူ အထိတ်တလန့် ဖြစ်စေဖို့၊ အယုံအကြည် ပျက်စေဖို့၊ အသင်းအဖွဲ့ကွဲစေဖို့ ရည်ရွယ်ချက်နဲ့ သတင်းတု သတင်းမှား ဖန်တီးပြုလုပ်ရင် အကောင့်အတု၊ ဝက်ဆိုဒ်အတု လုပ်ရင် ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ် သိန်းတစ်ရာ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ ဗီဒီယို အသံဖိုင်တွေ ညစ်ညမ်းဓာတ်ပုံတွေ မျှဝေတာကအစ တရားဝင် မှတ်ပုံမတင်ဘဲ အွန်လိုင်းငွေကြေး ဝန်ဆောင်မှုလုပ်တာ၊ ဒစ်ဂျစ်တယ်ငွေကြေး ရောင်းဝယ်တာတွေနဲ့ ပတ်သက်လို့လည်း ထောင်ဒဏ်ကော၊ ငွေဒဏ်ပါ ချမှတ်နိုင်ဖို့ ဒီဥပဒေမူကြမ်းမှာ ပြဋ္ဌာန်းထားပါတယ်။

တင်းကျပ်တဲ့ ဆိုက်ဘာ ဥပဒေမူကြမ်းအပေါ် လူထုသဘောထား

အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ဆန္ဒပြတဲ့ လူထုလှုပ်ရှားမှုတွေ တဖြည်းဖြည်း အရှိန်မြင့်လာချိန်မှာ အင်တာနက်စာမျက်နှာတွေပေါ်မှာ သတင်းအချက်အလက် မျှဝေမှုတွေကို ကန့်သတ်ပြီး စစ်တပ်နဲ့ သဘောထား မတိုက်ဆိုင်သူတွေကို လိုသလို ထောင်ချအပြစ်ပေးနိုင်ဖို့အတွက် ဆိုင်ဘာလုံခြုံရေး ဥပဒေကို စစ်ကောင်စီက အလျင်စလို ပြဋ္ဌာန်းဖို့ ပြင်ဆင်တာ ဖြစ်တယ်လို့ နည်းပညာရှင်တချို့က သုံးသပ်ပါတယ်။

"ဒီဥပဒေက အခုအချိန်မှာ ဖေ့စ်ဘွတ်ခ်တို့၊ တွစ်တာတို့မှာ တက်တက်ကြွကြွနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို တက်တက်ကြွကြွနဲ့ လှုပ်ရှားနေတဲ့ လှုံဆော်နေတဲ့ လူတွေအနေနဲ့ ဒီပုဒ်မတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ ဒီပုဒ်မတွေသုံးပြီး တန်းပြီး တရားစွဲလို့ရပါတယ်။ နောက်ပြီး ထပ်တိုး ပုဒ်မတွေဖြစ်တဲ့ ၅၀၅ က ၅၀၅ ခ တွေနဲ့လည်း အတွဲလိုက် တရားစွဲလို့ ရနိုင်တဲ့ အနေအထားဖြစ်တယ်လို့ နည်းပညာပိုင်းဆိုင်ရာ လေ့လာသူ ကိုမောင်ဆန်းက ဘီဘီစီမြန်မာပိုင်းကို ပြောပါတယ်။

ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်း ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့ဝင် ကိုကျော်လွင်ကိုကလည်း ဒီဥပဒေရဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့ ဝေဖန်ပါတယ်။

"ပြစ်မှုပြစ်ဒဏ်ပိုင်းမှာ တိကျသေချာတဲ့ တားမြစ်ချက်နဲ့ ပြစ်ဒဏ်မျိုး မဟုတ်တဲ့အတွက်ကို ဥပဒေကို လိုသလိုမျိုး အဓိပ္ပာယ်ဖွင့်ပြီး အရေးယူလို့ရတဲ့ အနေအထားမျိုးဖြစ်တယ်။ ဒီဥပဒေဟာ အဓိပ္ပာယ် သေသေချာချာ တိတိကျကျနဲ့ ပြစ်မှုပြစ်ဒဏ်ပိုင်းမှာ အရမ်းကြီး ကျယ်ကျယ်ပြန့်ပြန့် ပြဋ္ဌာန်းထားခြင်းအားဖြင့် ဘာဖြစ်လာလဲဆိုတော့ အရေးယူချင် အရေးယူလို့ရတယ်။ အရေးမယူချင်ရင် အရေးမယူလို့ရတယ်ပေါ့" လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်း ၁၅၀ ကျော်ကလည်း ဒီဥပဒေမူကြမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး အွန်လိုင်းပေါ်မှာ အများပြည်သူရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံပိုင်ခွင့် အပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်ကာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ရေးသားမှုတွေကို ကန့်သတ်ဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အင်တာနက်လူမှုကွန်ရက်ဆက်သွယ်ရေး စနစ်တွေကို ထိန်းချုပ်မယ့် စစ်အစိုးရရဲ့ ကြိုးပမ်းချက်တွေကို တရုတ်နိုင်ငံက ထောက်ပံ့ကူညီနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။

နောက်ဆုံးပေါ် နည်းပညာ firewall တွေ အသုံးပြုပြီး အွန်လိုင်းဆက်သွယ်မှုတွေကို ထိန်းချုပ်ဖို့အတွက် တရုတ်အစိုးရက စက်ကိရိယာတွေ ပေးပို့နေတယ်ဆိုတဲ့ သတင်းတွေဟာ ဟောလဟာလတွေ ဖြစ်တာကြောင့် မယုံကြဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် WanWg Wenbin က တုံ့ပြန်ပြောဆိုထားပါတယ်။

ဒါပေမဲ့ နည်းပညာရှင် ကိုမောင်ဆန်းကတော့ လက်ရှိမြန်မာနိုင်ငံတွင်း အင်တာနက် သုံးစွဲရမှု အခြေအနေပေါ်မူတည်ပြီး ဒီသတင်းတွေဟာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

"အင်တာနက်နဲ့ ပတ်သက်တဲ့ အဓိက အခြေခံအဆောက်အဦ အများစုကို တရုတ်နိုင်ငံက စက်ပစ္စည်းတွေကို အသုံးပြုပြီး တပ်ဆင်ထားတယ်။ အခုက လက်တွေ့မှာ အင်တာနက်သုံးရတဲ့ဟာက အင်တာနက်မြန်နှုန်း သိသိသာသာ ကျသွားတယ်။ နောက်ပြီး တချို့ service တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်တို့ တွစ်တာတို့ကို ရိုးရိုးသုံးလို့မရတော့ဘဲ VPN လို့ခေါ်တဲ့ Virtual Private Network တွေကို တဆင့်ခံပြီး သုံးလာရတယ်။ ဆိုတော့ firewall တွေ တပ်ဆင်လိုက်တယ်၊ စနစ်တွေ အဆင့်မြင့်လိုက်တယ်ဆိုတဲ့ ကောလဟာလတွေက ဖြစ်နိုင်ခြေ အများကြီး ရှိတယ်" လို့ ဆိုပါတယ်။

Firewall ဆိုတာက ဒေတာ သတင်းအချက်အလက်တွေကို စိစစ်ဖြတ်ထုတ်လိုက်နိုင်တဲ့ နည်းပညာတွေ ဖြစ်တယ်။ တချို့အကြောင်းအရာတွေကို အွန်လိုင်းပေါ်မှာ ရေးတင်ပေမယ့် firewall ကို ဖြတ်သန်းသွားလာရတဲ့အခါ ဖြတ်တောက်ခံရမှာ ဖြစ်တယ်။ ဒီအချက်အလက်တွေကို ဘယ်အင်တာနက် ကွန်ရက်ကနေ ထွက်နေတယ်ဆိုတာကိုလည်း စစ်လို့ရတဲ့ နည်းပညာဖြစ်တယ်လို့ နည်းပညာရှင် ကိုမောင်ဆန်းက ရှင်းပြပါတယ်။

တချိန်တည်းမှာပဲ နည်းပညာစက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်သေတ္တာတွေနဲ့ အတူ နည်းပညာဝန်ထမ်းတွေ လိုက်ပါစီးနင်းလာတဲ့ တရုတ်နိုင်ငံက လေယာဉ်ပျံတွေ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတယ်ဆိုတဲ့ သတင်းတွေ အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက်ပိုင်း တရုတ်သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေဟာ မဟုတ်မှန်ကြောင်းနဲ့ ပင်လယ်စာစတဲ့ ပို့ကုန်သွင်းကုန် ပစ္စည်းတွေ တင်ဆောင်လာတဲ့ ပုံမှန်ကုန်တင်လေယာဉ်တွေသာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက်မှာ ဆိုင်ဘာလုံခြုံရေး ဥပဒေရေးဆွဲဖို့ ပြည်တွင်း ပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာတွေ ရှိခဲ့ပေမယ့် အပြီးသတ်ရေးဆွဲနိုင်ခြင်း မရှိခဲ့ပါဘူး။

ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းက ကိုကျော်လွင်ကိုကတော့ ဒီဥပဒေနဲ့ ပတ်သက်လို့ အစိုးရနှစ်ရပ်ကြား ကွာကြားချက်ကို ထောက်ပြပါတယ်။

"အရင်တုန်းက ကော်မတီတွေ ပါဝင်တယ်။ အဲဒီကော်မတီတွေမှာ ဗဟိုကော်မတီတို့ သက်ဆိုင်ရာ ကော်မတီတွေပါတယ်။ အဲဒီ သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်မှာ ဆိုက်ဘာနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ၊ stakeholder တွေ ပါဝင်ထည့်သွင်းထားတယ်မျိုး ကြားသိခဲ့ရတယ်။ အခုတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဆိုတဲ့ သူတို့အလိုကျ အုပ်ချုပ်လို့ရမယ့် ထိန်းချုပ်လို့ရမယ့် သူတွေ ပါဝင်လာတယ်။ ဥပဒေရဲ့ ဖွဲ့စည်းပုံ ဆုံးဖြတ်ချက် ချမယ့် ကော်မတီရဲ့ ဖွဲ့စည်းပုံက လုံး၀ ပြောင်းလဲသွားတယ်"လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိ အာဏာသိမ်းစစ်အစိုးရက အရေးပေါ် ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေဟာ စင်္ကာပူနိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေနဲ့ အတော်လေး ဆင်တူနေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူးဆိုပြီး နည်းပညာရှင်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56046649

၂၀၂၀ မြန်မာ အာဏာသိမ်း- လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်လာနိုင်တဲ့ စစ်ကောင်စီရဲ့ ဆိုင်ဘာလုံခြုံရေး ဥပဒေ  ၂၀၂၀ မြန်မာ အာဏာသိမ်း- လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်လာနိုင်တဲ့ စစ်ကောင်စီရဲ့ ဆိုင်ဘာလုံခြုံရေး ဥပဒေ Reviewed by THITHTOOLWIN on 00:57 Rating: 5

No comments:

Powered by Blogger.