ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ဖို့ ကိုမင်းကိုနိုင်တို့အဖွဲ့ တိုက်တွန်း

ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ဖို့ ကိုမင်းကိုနိုင်တို့အဖွဲ့ တိုက်တွန်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကို တွေ့ရစဉ် / Photo: RFA


လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင် တိုက်ပွဲဝင်နေသူတွေနဲ့ ဆန္ဒပြရာမှာ ပါဝင်တဲ့သူတွေကို အာဏာသိမ်းစစ်အစိုးရက ညအချိန်မတော် ဝင်ရောက် ဖမ်းဆီးနေတာကြောင့် လမ်းအလိုက်၊ ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပန်ကြားလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ နိုးနိုးကြားကြား ညီညီညွတ်ညွတ်နဲ့ အာဏာသိမ်း စစ်ကောင်စီလက်ကိုင်ဒုတ်တွေရဲ့ အန္တရာယ်တွေက ကာကွယ်နိုင်ဖို့ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းထားဖို့ ပန်ကြားထားတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်အစိုးရက လက်တလောမှာ CDM မှာ ဦးဆောင်လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ၊ ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံအနှံ့ ညအချိန်တွေမှာ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိပါတယ်။

ဖမ်းဆီးတာတွေရှိနေပေမယ့် နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ CDM လှုပ်ရှားမှုတွေ ကတော့ ဒီနေ့အထိ ဆက်ရှိနေပါတယ်။ CDM လှုပ်ရှားမှုမှာ ပညာရေး၊ ကျန်းမာရေးနဲ့ သစ်တောဝန်ထမ်းတွေ အဓိကပါဝင်တာကိုတွေ့ရပြီး တချို့နေရာတွေမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင် တချို့လည်း ပူးပေါင်းပါဝင်လာတာကို တွေ့ရပါတယ်။

တိုင်းနဲ့ပြည်နယ်တွေက လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးကိုလည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု ၂၀၂၁ ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက စာ ပေးပို့ ထားပါတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့က ဦးဆောင် ပါဝင်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/minkonaing-urge-formation-of-public-security-group-02122021012121.html

ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ဖို့ ကိုမင်းကိုနိုင်တို့အဖွဲ့ တိုက်တွန်း  ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ဖို့ ကိုမင်းကိုနိုင်တို့အဖွဲ့ တိုက်တွန်း Reviewed by THITHTOOLWIN on 19:18 Rating: 5

No comments:

Powered by Blogger.