![]() |
လူမစုရအမိန့် စစ်အစိုးရ ထုတ်ပြန်လိုက်ပေမယ့် ဆန္ဒပြပွဲတွေ နိုင်ငံအနှံဆက်ရှိနေ မော်လမြိုင်မြို့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး ကျောင်းဆရာမတွေ ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်နေ့က ဆန္ဒပြနေစဉ် / Photo: RFA |
လူ ၅ ဦးထပ်ပိုစုဝေးပြီး ဆန္ဒထုတ်ဖော်မယ်ဆိုရင် အရေးယူမယ်လို့ အာဏာသိမ်းစစ်အစိုးရက ဖေဖော်ဝါရီလ ၈ ရက်နေ့မနေ့က ကြေညာလိုက်ပေမယ့် ကြေညာပြီးနောက်တစ်နေ့ ဒီနေ့မှာ စစ်အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတွေ တိုင်းနဲ့ပြည်နယ် အသီးသီးက မြို့နယ် အများအပြားမှာ အရှိန်အဟုန်နဲ့ ဆက်ရှိနေပါတယ်။
လူ ၅ ဦးထပ်ပိုပြီး လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြားတွေမှာ မစုဝေးဖို့နဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို အာဏာသိမ်းစစ်အစိုးရက ထုတ်ပြန်လိုက်တာပါ။
ဒီလိုကြေညာပြီးနောက် ရဲတပ်ဖွဲ့ဘက်က တားဆီးတာနဲ့ နေပြည်တော်မှာ လူစုခွဲဖို့ ရေဖျန်းကားတွေနဲ့ ဖြန်းတာတွေ ရှိခဲ့ပါတယ်။
နေပြည်တော်၊ သပြေကုန်းအဝိုင်းမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရေဖြန်းကားတွေနဲ့ ဖြန်းခဲ့ပြီး ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့လို့ ဒဏ်ရာရတဲ့ သူ ၁၀ ယောက်ကျော်ရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ဆရာဝန်တွေက လာပြီး ဆေးကုသမှု ပေးခဲ့တာတွေရှိပါတယ်။
မန္တလေးမြို့ဆိုရင်လည်း ၃၈ လမ်းပေါ်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပါတယ်။ ဆန္ဒပြသူ သုံးဦးနဲ့ DVB သတင်းထောက် တစ်ဦးကို ရဲအချုပ်ကားပေါ်မှာတင်ပြီး ဖမ်းထားပါတယ်။ ဖမ်းဆီးပြီး မကြာခင်မှာ DVB သတထောက်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။
စစ်အာဏာသိမ်းအစိုးရက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကယား၊ မွန်၊ ရှမ်း၊ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်အတော်များများမှာ လူ ၅ ဦးထပ်ပိုမစုဖို့နဲ့ ညမထွက်ရအမိန့်ကို ထုတ်ပြန် ထားတာပါ။
စစ်အာဏာသိမ်းအစိုးရဘက်က အများပြည်သူ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်တဲ့ အပြုအမူတွေကို ဆောင်ရွက်နေတာတွေရှိနေပြီး ဒါတွေဟာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးထိခိုက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်စေနိုင်လို့ စုဝေးဟောပြောခြင်း၊ ယာဉ်နဲ့ လူ ကိုယ်တိုင် စီတန်းလှည့်လည် ဆန္ဒပြခြင်းတွေကို မပြုလုပ်ဖို့နဲ့ ပြုလုပ်မယ်ဆိုရင် အရေးယူမယ်လို့ မနေ့က ကြေညာခဲ့တာပါ။
ဆန္ဒပြသူတွေကတော့ အဲ့ဒီတားမြစ်ချက်ကို လိုက်နာဖို့ မရှိဘူးလို့ တုန့်ပြန်ခဲ့ပြီး ဆက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြ ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/protest-continue-in-myanmar-02092021011517.html

No comments:
Post a Comment