![]() |
စစ်အစိုးရ ပြဋ္ဌာန်းမယ့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို ကွန်ပျူတာအသင်းတွေကန့်ကွက် အင်တာနက် အွန်လိုင်းသုံးစွဲသူတဦး။ Photo: AFP |
စစ်အစိုးရက အခုရက်ပိုင်းအတွင်း ပြဋ္ဌာန်းဖို့ ကြိုးစားနေတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေကို ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နဲ့ ကွန်ပျူတာအသင်းတွေက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်အစိုးရက ရေးဆွဲထားတဲ့ ဒီဥပဒေကြမ်းမှာ အွန်လိုင်းသုံးစွဲသူ လူအများအပြားကို အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ အများအပြား ပါဝင်နေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အွန်လိုင်းကတဆင့် လေ့လာသင်ယူနေကြတဲ့ လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုတွေကို အဟန့်အတားဖြစ်နိုင်သလို ဒီဥပဒေကြောင့် ဘဏ်လုပ်ငန်းနဲ့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတွေကို ထိခိုက်နိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။
အားနည်းချက်တွေ အများအပြားရှိနေတဲ့ ဒီဆိုက်ဘာလုံခြုံရေးဥပဒေကို အသေးစိတ် ထပ်ဆွေးနွေးဖို့လိုပြီး အလျင်စလို အတည်မပြုဖို့လည်း ကွန်ပျူတာအသင်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆိုက်ဘာလုံခြုံရေးဥပဒေကို အာဏာသိမ်းစစ်ကောင်စီက လာမယ့်သီတင်းပတ်ထဲမှာ အမြန်ဆုံး အတည်ပြုနိုင်အောင် ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စာမျက်နှာ ၃၆ မျက်နှာပါတဲ့ ဒီဥပဒေမူကြမ်းကို ဖောက်ဖျက်ရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ်လည်း ကျခံရဖွယ် ရှိပါတယ်။ မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူတွေကတော့ ဒီဥပဒေကို စစ်အစိုးရရဲ့ ခြိမ်းခြောက်မှုတရပ်အဖြစ် ရှုမြင်နေကြပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/cyber-law-in-myanmar-02122021122256.html

No comments:
Post a Comment