ဧည့်စာရင်းဥပဒေ အာဏာသိမ်း စစ်ကောင်စီ ပြန်အသက်သွင်း

ဧည့်စာရင်းဥပဒေ အာဏာသိမ်း စစ်ကောင်စီ ပြန်အသက်သွင်း စစ်အာဏာဖီဆန်ရေး ရန်ကုန်ဆန္ဒပြပွဲ / Photo: RFA

ဧည့်စာရင်းမတိုင်ကြားရင် ထောင်ဒဏ် ၇ ရက်အထိ ချမှတ်နိုင်တဲ့ ဥပဒေတရပ်ကို စစ်အာဏာသိမ်း ကောင်စီက ဒီကနေ့မှာပြင်ဆင် ပြဋ္ဌာန်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက် ၂၀၁၆ ခုနှစ်မှာ ဖျက်သိမ်းထားတဲ့ ဧည့်စာရင်းဥပဒေကို စစ်အစိုးရက ဒီနေ့ ပြန်ပြီး အသက်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဒီဥပဒေအရ အိမ်ထောင်စုစာရင်းဝင် မဟုတ်သူတွေဟာ ညအိပ်ညနေ အလည်သွားမယ်ဆိုရင် မဖြစ်မနေ ဧည့်စာရင်း တိုင်ကြားရတော့မှာ ဖြစ်သလို တိုင်ကြားဖို့ ပျက်ကွက်ခဲ့ရင် ဒဏ်ငွေတစ်သောင်း ပေးဆောင်ရမှာဖြစ်ပြီး၊ ဒဏ်ငွေမပေးဆောင်နိုင်ရင် ထောင်ဒဏ် ၇ ရက် ကျခံရမယ်လို့ စစ်အာဏာသိမ်းကောင်စီက ဒီကနေ့ ထုတ်ပြန်ပါတယ်။

တာဝန်ကို ကျေပွန်စွာထမ်းဆောင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဆုကြေးငွေ တလုံးတခဲ ချီးမြှင့်မယ်လို့လည်း ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းလိုက်ပါတယ်။

ဧည့်စာရင်း မတိုင်ကြားရမယ့် ဥပဒေကို ဦးသန်းရွှေ စစ်အစိုးရလက်ထက်မှာ ကျင့်သုံးလာခဲ့ပြီး လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာကြောင့် NLD အစိုးရ လက်ထက်မှာ ပယ်ဖျက်လိုက်တာပါ။

တချိန်တည်းမှာပဲ တစ်ဦးတစ်ယောက်ကို ဖမ်းဆီးမယ်ဆိုရင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အသိသက်သေတွေနဲ့ ဖမ်းဝရမ်းပါမှ ဖမ်းဆီးရမယ်ဆိုတဲ့ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုဆိုင်ရာ ကာကွယ်ပေးရေး ဥပဒေပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်းထားမယ်လို့လည်း စစ်အာဏာသိမ်း ကောင်စီက ကြေညာပါတယ်။

ဒါကြောင့် လူတစ်ဦးတစ်ယောက်ကို ဖမ်းမယ်ဆိုရင် ဖမ်းဝရမ်းတွေ ပါစရာ မလိုတော့ဘဲ တွေ့တဲ့နေရာမှာ ဖမ်းဆီးနိုင်သွားပြီ ဖြစ်သလို၊ နေအိမ်ထဲဝင်ရှာခွင့်၊ စစ်ဆေးမေးမြန်းခွင့်၊ ဆက်သွယ်ရေး ကိရိယာတွေကို ကြားဖြတ်နားထောင်ခွင့် ရှိသွားပါပြီ။

လက်ရှိဖြစ်ပေါ်နေတဲ့ စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေကြသူတွေကို ညဘက်အချိန်တွေမှာ လိုက်ဖမ်းတာတွေ ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-coup-13-day-military-02132021104417.html

ဧည့်စာရင်းဥပဒေ အာဏာသိမ်း စစ်ကောင်စီ ပြန်အသက်သွင်း  ဧည့်စာရင်းဥပဒေ အာဏာသိမ်း စစ်ကောင်စီ ပြန်အသက်သွင်း Reviewed by THITHTOOLWIN on 22:56 Rating: 5

No comments:

Powered by Blogger.