ပြည်ထောင်စုနေ့ ဖြစ်တဲ့ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ မကွေးတိုင်းအတွင်းမှာ အထွေထွေ သပိတ်အဖြစ် လူပေါင်းသိန်းချီပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ တပ်မတော်က ရွေးကောက်ခံ အစိုးရခေါင်းဆောင်တွေကို ထိန်းသိမ်းလိုက်ပြီး စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်တာကို ဆန့်ကျင်ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ပြည်ထောင်စုနေ့ အထွေထွေသပိတ်မှာ မကွေးတိုင်းအတွင်းက ရေနံချောင်း၊ နတ်မောက်၊ချောက်၊ တောင်တွင်း ကြီး၊ မင်းဘူး၊ ပွင့်ဖြူ၊ မြိုင်စတဲ့မြို့တွေမှာ လူထုအင်အား သိန်းချီ ပါဝင်ဆန္ဒပြ ကြပါတယ်။ မြို့နယ်တိုင်းက CDM ဆိုတဲ့ အလုပ်မဆင်းဘဲ ဆန္ဒပြတဲ့ ဝန်ထမ်းအဖွဲ့စည်းတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ပညာရေး၊ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ မြန်မာ့သစ်လုပ်ငန်း၊ ရှေ့နေတွေနဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတွေ၊ မကွေးတိုင်း အင်ဂျင်နီယာအဖွဲ့တွေ ပါဝင်ကြပါတယ်။
မြိုင်မြို့မှာဆိုရင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ရေးမှူးကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။ အခုလို ပါဝင်ခဲ့ရတာဟာ နောင်လာမယ့်မျိုးဆက်တွေအတွက် မျက်စိပိတ် နားပိတ်ဖြစ်တဲ့ ခေတ်စနစ်ကို မလိုလားတဲ့အတွက် ပါဝင်ခဲ့တာလို့ပြောပါတယ်။
"ကျနော်ဟာတစ်သက်လုံး စစ်အစိုးရလက်ထက်မှာနေခဲ့ရတယ်၊ ကျနော်ဘဝရဲ့ အသက် ၂၀ လုံး ဒါတွေကို တွေ့ကြုံခဲ့ရတယ်။ တွေ့ကြုံခဲ့ပြီးတော ခုဝန်ထမ်းဘဝ စတဲ့အချိန်မှာကျနော်တို့ တဖြည်းဖြည်းနဲ့ပြောင်းလာတယ်။ ဟုတ်ပြီ။ ဒီအပြောင်းအလွဲမှာ ပြည်သူ့အတွက်ကျနော်တို့ အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့တယ်။ ဝုန်းဆိုပြီးတော့ ကျနော်ကိုင်တဲ့တယ်လီဖုန်းက စကားပြောလို့မရတော့ဘူး။ ကျနော်နေရထိုင်ရတာ မလုံခြုံတော့ဘူး။ ကျနော် ကိုယ်တိုင်တောင်ဒီလိုမလုံခြုံတော့ဘူး။ ကျနော့အခွင့်အရေး အခုပြောနေတာတွေ စကားသံတွေပါ ခိုးနား ထောင်မှာလား၊ ချောင်းနားထောင်မှာလား။ ဟိုအများကြီးပါပဲ။ ဒါတွေကြောင့် နောင်လာမယ့် မျိုးဆက်တွေ အတွက် ကျနော်တို့အတူတူ ဓမ္မဘက်က၊ တရားတဲ့နည်းလမ်းဘက်က ကျနော်လုပ်မယ်ဆုံးဖြတ်လိုက်တယ်။ တရားတဲ့ CDM နည်းနဲ့ တိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်လိုက်တာပေါ့ ခင်ဗျာ”
မကွေးမြို့ပေါ်က တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးတွေမှာတာဝန်ထမ်းဆောင်နေတဲ့ ထွေအုပ်ဝန်ထမ်း ၁၄ ဦးကလည်း လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက အလုပ်မဆင်းဘဲ CDM ကို ပုံဖော်ခဲ့ကြတယ်လို့ပြောပါတယ်။ အဲဒီအထဲက မကွေးမြို့နယ် ထွေအုပ်အကြီးတန်းစာရေး ဦးဇေယျ ကို နိုင်ငံ့ဝန်ထမ်း နည်းဥပေဒ ၁၇၁ အရ တာဝန်မှယာယီရပ် ဆိုင်းခဲ့တယ်လို့ပြောပါတယ်/
“ကျနော်က ကိုယ့်ရဲ့ရှေ့ကနေပြီးတော့ ဆရာဝန်တွေပေါ့နော။ ကိုယ့်ထက်အသိပညာရှိတဲ့သူတွေ ကိုယ့်ထက် ပညာတတ်တဲ့လူတွေ၊ ကိုယ့်ထက်ရာထူးဂုဏ်ရှိန်ကြီးတဲ့လူတောင်မှ ပြည်သူနဲ့အတူ ရပ်တည်တာ၊ သူတို့တောင်မှလုပ်တယ်ဆိုတော့ ကျနော်တို့လည်း ဆရာဝန်တွေလုပ်တာကို ထောက်ခံတဲ့အနေနဲ့ စီဒီအမ် လုပ်လိုက်တာပါခင်ဗျ။ ကိုယ်လည်း ကိုယ်မှန်တယ် ထင်တာ လုပ်တယ်။ သူတို့လည်း သူတို့ဝတ္တရားအရ ဌာနဆိုင်ရာအနေအထားအရ၊ သူတို့ လုပ်သင့်တာလုပ်တယ်လို့ ထင်ပါတယ်။ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့”
ကြွေးကြော်သံအများစုဟာ “ရုံးမတက်နဲ့ ရုံးထွက်” ဆိုတဲ့ ဟစ်ကြွေးသံတွေများခဲ့ပါတယ်။ ကျန်းမာရေးဌာနက ဝန်ထမ်းတွေအများဆုံးပါဝင်ခဲ့သလို ရေနံမြေလုပ်သားတွေကလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားခဲ့တယ်လို့ မြန်မာ့ရေနံ ရေနံချောင်းရေနံမြေက ဂိုးလ်ပက်ထရို ရေနံလုပ်သား ကိုလေးနိုင်က ပြောပါတယ်။
“ကျနော်တို့ ရေနံချောင်းက ဝန်ထမ်းတွေအားလုံးကပေါ့နော်ကျနော်တို့ (၈) ရက် (၂) လ၂၀၂၁ရက်နေ့မှာ စီဒီအမ်လုပ်ဆောင်မယ်ဆိုပြီးတော့ နိုးဆော်ချက်ကို ကျနော်တို့ ဝန်ထမ်းတွေအားလုံးကနေပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ပြောရင်း ဆိုရင်းကနေပြီးတော့ အဲဒီဟာကို စိတ်ဝင်စားစိတ်ပါတယ်ပေါ့နော်။ သူတို့ ဒီစစ်အာဏာရှင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ စီဒီအမ်လုပ်ကြမယ်ဆိုတဲ့ လှုံံ့ဆော်မှုကို ဒါသဘောကျတဲ့အတွက်၊ ပါမယ်ဆိုပြီးတော့ အားလုံးတဆင့်စကားတဆင့်တဲ့။ ကျနော်တို့လုပ်ဆောင်ကြတာဗျ”
အခုဆိုရင် မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ရေနံထုတ်လုပ်မှုတွေ ရပ်ဆိုင်းကုန်ပြီလို့လည်း ပြောပါတယ်။ အမြို့မြို့ အနယ်နယ်တိုင်းမှာ စစ်တပ်က အာဏာထိန်းသိမ်းထားတာကို ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေပါတယ်။ ပခုက္ကူဒေသခံတွေပြောစကားအရ အင်အားသုံးသိန်းကျော်ပါဝင်တဲ့ ဆန္ဒပြပွဲမှာ လဝက၊အခွန်ဦးစီးနဲ့အထွေထွေ အုပ်ချုပ်ရေးကဌာနကလွဲရင် ကျန်တဲ့အစိုးရဝန်ထမ်းဌာနတွေ ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/magwe-protest-on-union-day-02122021192309.html

No comments:
Post a Comment