ဖမ်းဆီးခံ ဂျပန်သတင်းထောက် မြန်မာအာဏာပိုင်တွေ ပြန်လွှတ်

ဂျပန်သတင်းထောက်- Yuki Kitazumi (ဓါတ်ပုံ -Yuki Kitazumi facebook)

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေကို သတင်းယူနေတဲ့ ဂျပန်အလွတ်တန်း သတင်းထောက်တယောက်ကို ရဲတွေက ခေတ္တ ဖမ်းဆီးခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း ရိုက်တာ သတင်းက ပြောပါတယ်။

ရန်ကုန်အခြေစိုက် မီဒီယာ ထုတ်လုပ်ရေး ကုမ္ပဏီလုပ်ငန်းလုပ်ကိုင်တဲ့ Yuki Kitazumi ဟာ အရင်က Nikkei business daily သတင်းစာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူက ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်း ပြီးနောက် ပိုင်း ပထမဆုံး အဖမ်းခံလိုက်ရတဲ့ နိုင်ငံခြား သတင်းထောက် တယောက်ဖြစ်လာပါတယ်။

သူ့ကို စမ်းချောင်းမြို့နယ် ရဲစခန်းက ပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက် သူက မိတ်ဆွေတွေကို အခုအခါ ဘေးကင်း ရန်ကင်း ရှိပြီဖြစ်ကြောင်နဲ့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။

အစောပိုင်းတုန်းကတော့ ဂျပန်နိုင်ငံဘက်ကတော့ အသက် ၄၀ ဝန်းကျင် ဂျပန်လူမျိုး သတင်းထောက် တယောက် အဖမ်းခံရတယ်လို့ ပြောခဲ့ပေမယ့် အသေးစိတ်တော့ မပြောကြားခဲ့ပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က မှတ်ချက်တစုံတရာ ပြောကြားခြင်းလည်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အရပ်သား အစိုးရနဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်း အာဏာရယူလိုက်တဲ့ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီကို စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာ သီတင်း သုံးပတ်ကျော်လာနေပြီဖြစ်ပါတယ်။ နိုင်ငံခြားရေးသားတွေထဲ

ပထမဦးဆုံးအဖြစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး သြစတေးလျနိုင်ငံသား Sean Turnell ကိုလည်း စစ်တပ် ကဖမ်းဆီးထိန်းသိမ်းထားတာပါ။ အခု Kitazumi က ဒုတိယမြောက်ဖမ်းဆီးခံရသူ နိုင်ငံခြားသားဖြစ်ပြီး သူ့ကိုတော့ နာရီပိုင်းအတွင်း မှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြမှုအတွင်း သတင်းယူနေခဲ့တဲ့ ဂျပန်သတင်းထောက် Kenji Nagai ကတော့ စစ်တပ်ရဲ့ ဆန္ဒပြပွဲဖြိုခွင်းမှု အတွင်း သေနတ်ထိမှန်သေဆုံးခဲ့တာပါ။

အခု ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်တဲ့ Kitazumi ရဲ့ မီဒီယာ ကုမ္ပဏီက သတင်းနဲ့ ရုပ်ရှင် နမူနာ ဗွီဒီယို တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။သတင်းထောက်တွေကို လွတ်လပ်စွာပြောဆိုခွင့်အတွက် လေ့ကျင့်သင်ကြားပေးတဲ့ ကုမ္ပဏီဖြစ်တယ်လို့လည်း ကုမ္ပဏီ website မှာ ရေးသားထားပါတယ်။

Kitazumi ဟာ ဂျပန်နိုင်ငံက အဓိက မီဒီယာတွေအတွက် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ သတင်းတွေကို ရေးသား ပေးနေတာ ဖြစ်တယ်လို့ လည်း သူ့ရဲ့ မြန်မာမိတ်ဆွေ တဦးက ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/japan-journalist-yuki-released-/5794965.html

ဖမ်းဆီးခံ ဂျပန်သတင်းထောက် မြန်မာအာဏာပိုင်တွေ ပြန်လွှတ် ဖမ်းဆီးခံ ဂျပန်သတင်းထောက် မြန်မာအာဏာပိုင်တွေ ပြန်လွှတ် Reviewed by THITHTOOLWIN on 08:24 Rating: 5

No comments:

Powered by Blogger.