မြန်မာနိုင်ငံတွင်းမှာ အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်ဆဲဖြစ်သလို ပြည်ပနိုင်ငံတွေမှာလည်း ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ရှိနေပါတယ်။ ဆန္ဒပြသူတွေက စစ်အုပ်ချုပ်ရေး ယန္တရားပျက်သွားအောင် အလုပ်မဆင်းတဲ့ CDM လှုပ်ရှားမှုမှာပူးပေါင်းပါဝင်ကြဖို့ သူတို့ရောက်ရှိရာနိုင်ငံက သံရုံးနဲ့ စစ်သံရုံးတွေရှေ့မှာ တောင်းဆို တိုက်တွန်းကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်၊ ပြည်တွင်းက ပြည်သူတွေရော၊ ပြည်ပ ရောက် မြန်မာနိုင်ငံသားတွေပါ စစ်တပ်ရဲ့လုပ်ရပ်အပေါ် ၂၀၂၁ခု၊ဖေဖော်ဝါရီလ(၁၃)ရက်၊ စနေနေ့ က တခဲနက် ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။
ရန်ကုန် နဲ့ မန္တလေးလို မြို့ကြီးတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ နေ့စဉ် အားကောင်းနေဆဲဖြစ်သလို၊ တဖက်မှာလည်း လူထုအတွင်း မသမာတဲ့နည်းတွေနဲ့ အဖျက်လုပ်ရပ် တွေ ကျူးလွန်နေတာတွေလည်း ပေါ်ပေါက်နေပါတယ်။ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ က အိမ်ရှင်မတဦးက အခုလိုပြောပါတယ်။
“ တမြို့လုံး တောင်ဥက္ကလာ၊ တာမွေ --- သာကေတ ဆိုရင် မနေ့က မီးလောင်တယ်၊ မြောက်ဒဂုံမှာလည်း အခု မီးကွင်းတွေ ပစ်တယ်တဲ့၊ ဆိုင်ကယ်နဲ့ပတ်ပြီး ပစ်နေတာတဲ့၊ တချို့ကျတော့ ဆေးကြောင်နေတာတဲ့၊ ဆေးထိုးလိုက်လို့တဲ့၊ မန္တလေးမှာတော့ ဟိုဘက်တချောင်း၊ ဒီဘက်တချောင်း ဆေးထိုးတယ်တဲ့ “
ဆန္ဒပြကျောင်းသူတဦးကလည်း လက်ရှိအခြေအနေကို အခုလို ပြောဆိုပါတယ်။
“ ညပိုင်းဆိုရင်လည်း စစ်ကားတွေ ဘာတွေက မြို့ထဲကို သွင်းတာတွေက အများကြီးပဲ။ ဒါပေမဲ့ နေ့ခင်းဆို ဘယ်မှာ ပျောက်နေကြမှန်းမသိဘူး၊ ပြီးတော့ ည ကျတော့မှ - ဆရာဝန်တွေကို ဝင် ဆွဲ ၊ UEC က လူတွေကို ဝင်ဆွဲ နေကြတာ။ သမီးတို့ ကျောင်းကားတွေလည်း နေ့တိုင်းတော့ ထွက်တယ်၊ သံရုံးရှေ့တလှည့်၊ မြေနီကုန်းရှေ့တလှည့်ပေါ့၊ လူတွေကလည်း ဒီတိုင်း ဆန္ဒပြလို့ပဲရတာ၊ ဘာမှလုပ်လို့မရဘူးဖြစ်နေတာ ”
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ကုလသမဂ္ဂရုံးရှေ့မှာ စုရုံးခဲ့ကြပြီး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး တခဲနက် ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ မနက်ဖြန် ညနေမှာလည်း ဆက်လက်ဆန္ဒပြကြမယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စု တက်ဆပ်ပြည်နယ်၊ ဟူစတန်မြို့မှာလည်း မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကို အကြမ်းဖက် သိမ်းယူလိုက်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ ကြပါတယ်။ BAAT ခေါ် တက်ဆပ်ပြည်နယ် မြန်မာ အမေရိကန် အသင်း က စီစဉ်ကျင်းပခဲ့တာပါ။
မီရှီဂန်ပြည်နယ် နဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲဖီးယားမြို့ မှာလည်း မြန်မာတွေ ဇာတိမြေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
အလားတူ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ က မြန်မာအသိုင်းအဝိုင်းကလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ စစ်အာဏာ သိမ်းမှုအတွင်း မတရား ဖမ်းဆီးထိန်းသိမ်းခဲ့သူအားလုံးကို ချက်ခြင်းပြန်လွှတ်ဖို့ ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။ ကနေဒါ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဗင်ကူးဗားမြို့၊ မြန်မာအသိုင်းအဝန်းက တာဝန်ရှိ သူ တဦးဖြစ်တဲ့ ဦးစန်းအောင်က RFA ကို အခုလိုပြောပါတယ်။
“ကနေဒါ နိုင်ငံ၊ ဗင်ကူးဗားမြို့မှာ ရောက်ရှိနေတဲ့ မြန်မာပြည်ဖွားတွေပေါ့နော်။ ကျွန်တော်တို့ ပြည်တွင်းမှာ ဖြစ်နေတဲ့၊ စစ်အာဏာသိမ်းတဲ့ ကိစ္စအပေါ်မှာ၊ ကျွန်တော်တို့အနေနဲ့ မကျေမချမ်း ဖြစ်ကြတယ်။ နောက်တခုက မြန်မာနိုင်ငံမှာ ပြည်သူတွေကို၊ ကျနော်တို့လို နိုင်ငံခြားမှာရောက်နေကြတဲ့ မြန်မာတွေကလည်း လစ်လျူရှု မထားဘူး၊ မြန်မာပြည်သူပြည်သားတွေအတူ ထပ်တူခံစားရပါတယ် ဆိုတဲ့အနေနဲ့၊ ကျနော်တို့ ဆန္ဒထုတ်ဖော်တာပါ၊ စစ်အာဏာရှင်စနစ်ကိုလည်း အမြန်ဆုံး ကျဆုံးစေချင်ပါတယ်၊ ဒါဟာ ပြည်ပရောက်နေတဲ့ မြန်မာတွေရဲ့ သဘောထားပါ ခင်ဗျ “
တောင်ကိုရီးယားနိုင်ငံမှာတော့ ဖေဖော်ဝါရီလ(၁၃)၊စနေနေ့ က ဆိုလ်းမြို့၊အုပ်စူး ဘူတာ အနီးမှာ ရှိတဲ့ မြန်မာစစ်သံရုံးရှေ့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း နဲ့ ဥပဒေမဲ့မတရား ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံရသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ဖို့ ကိုရီးယားနိုင်ငံရောက် မြန်မာတွေက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
အလားတူ နော်ဝေနိုင်ငံ၊ Kristiansund မြို့မှာလည်း စနေနေ့က နော်ဝေးရောက် မြန်မာပြည်သူတွေက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေရဲ့ အာဏာသိမ်းမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း နဲ့ လက်ရှိ စစ်တပ် အာဏာသိမ်းခဲ့ပုံ အခြေအနေတွေကို ပြောဆိုခဲ့ကြရာမှာ၊ ဒေသခံ နော်ဝေးပြည်သူတွေလည်း ပါဝင် ကန့်ကွက်ခဲ့ကြပါတယ်။
RFA Burmese
စစ်တပ်အာဏာသိမ်းမှုကို ပြည်တွင်းပြည်ပမှာ ကန့်ကွက်ဆန္ဒပြ
Reviewed by THITHTOOLWIN
on
08:02
Rating:

No comments:
Post a Comment