![]() |
စစ်အာဏာသိမ်းတာ ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုတွေထဲ ပါဝင်လာတဲ့ ကယားပြည်နယ် ရဲတပ်ဖွဲ့ဝင်များ။ |
ကယားပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြနေတဲ့ လူထုနဲ့ ပူးပေါင်းလာနေတာကြောင့် အခုဆိုရင် ပြည်နယ် ရဲတပ်ဖွဲ့ဝင်အင်အား ၃ ပုံ ၁ ပုံလောက် လာရောက်ပူးပေါင်းနေကြပါပြီ။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြထားပါတယ်။
ကယားပြည်နယ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အခုဆိုရင် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူထု CDM Civil Disobedience Movement လှုပ်ရှားမှုတွေထဲကို ပါဝင်လာကြောင်း ကယားပြည်နယ်က ဆန္ဒပြပွဲတွေမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ကိုကောင်းထက်ကျော်က အခုလိုပြောပါတယ်။
“ဒီနေ့ ၇ ယောက် မနေ့ကနဲ့ ပေါင်းရင် အားလုံး ၆၀ ကျော်တယ်။ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေ ရာခိုင်နှုန်းအရပြောရင်တော့ သုံးပုံတပုံ ဖြစ်နေတယ်။ ပြည်နယ်ရဲရဲ့ သုံးပုံတပုံက လူထုနဲ့ပေါင်းပြီး CDM Civil Disobedience Movement မှာ ပါဝင်နေပြီလို့ ကောက်ချက်ချလို့ရတယ်။ ရဲတွေ စပြီး ပူးပေါင်းတဲ့နေ့တုန်းက ကျနော်တို့ စာရင်းထွက်တာ ၄၀၊ နောက် စာရင်းထပ်တိုးတာ ၉ ယောက်၊ ၄၉ ယောက်ရှိတယ်။ အဲဒီ ၄၉ ယောက် ပါတဲ့နေ့က လူထုထဲမှာ ပူးပေါင်းနေတဲ့ အရပ်ဝတ်နဲ့ရဲက ၂၀ ကျော်ရှိတယ်။”
ကယားပြည်နယ်မှာ အခုလို ရဲတပ်ဖွဲ့ဝင် အတော်များများဟာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူတွေနဲ့ ပူးပေါင်းလာတဲ့အတွက် တချို့ရဲတွေအနေနဲ့ အပြင်ထွက်ခွင့်မရတော့တဲ့အကြောင်း ဆက်သွယ်ပြောကြားလာတယ်လို့ ကိုကောင်းထက်ကျော်က ပြောပါတယ်။
“ထပ်ပူးပေါင်းချင်နေတယ်၊ ဒီကနေ့ ရဲစခန်းမှာရှိနေတဲ့ ရဲတွေကို အပြင်ကို ပေးမထွက်တော့ဘူး။ ဒီကနေ့ ရဲစခန်းမှာရှိနေတဲ့ ရဲတွေကို အပြင်ပေးမထွက်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ လူထုနဲ့ ဆက်တိုက်ပူးပေါင်းနေတဲ့အတွက် ဒါကို ဟန့်တားနေတာဖြစ်တယ်။ ချုပ်ပြောရင် ဒီကနေ့ ဒေသခံရဲတွေကို ပြည်နယ်ရဲအရာရှိတွေက အကျယ်ချုပ်ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။”
မြန်မာစစ်တပ်ဘက်ကတော့ ပြီးခဲ့တဲ့ရက်တွေက ဆန္ဒပြသူတွေနဲ့ ပူးပေါင်းသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာတော့ ဒီရဲတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သန္ဓေရဲတပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်းအတွက် ဒေသခံတွေကို စုဖွဲ့ခန့်ထားတာလို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ကယားပြည်နယ်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ လွှတ်တော်ကဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ တတ်သိပညာရှင်တွေ ပါဝင်လာတာကြောင့် အစိုးရ ယန္တရားတွေ ရပ်ဆိုင်းသွားနိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်လို့လည်း ဆန္ဒပြနေသူတွေက ဆိုပါတယ်။
မအေးအေးမာ/ VOA Burmese
https://burmese.voanews.com/a/kayah-police-protests/5776958.html

No comments:
Post a Comment