ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့နောက်ပိုင်း အခုည ၁၀ နာရီကျော်အချိန်လောက်က စလို့ ရန်ကုန်နဲ့ တခြားမြို့တွေမှာ ရှိတဲ့ နေအိမ်တချို့ဆီကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်ခဲ့ကြပါတယ်။ အဲဒီလို လာရောက်ကြတဲ့ နေအိမ်တွေဟာ အများအားဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ကြတဲ့ ဆရာဝန်တွေရဲ့ အိမ်တွေဖြစ်ကြတယ်လို့ သိရပါတယ်။
အဲဒီလို ဖမ်းဆီးမှုသတင်းတွေကြောင့် ရန်ကုန်တိုင်း ဒေသကြီးမြို့နယ်တချို့မှာ လူတွေစုရုံးမှု ဖြစ်ပွားခဲ့ပါတယ်။ကြည့်မြင်တိုင်၊ သာကေတ၊ ပုဇွန်တောင်၊ ကမာရွတ်၊ စမ်းချောင်းနဲ့ ဗဟန်းမြို့နယ်တွေမှာ ရဲတွေက ဝင်ရောက်ဖမ်းဆီးမှုတွေ လုပ်နေတယ်ဆိုပြီး လူတွေက သံပုံးတွေတီးပြီး လမ်းတွေပေါ်ကို ထွက်လာတာ တွေ့မြင်ရပါတယ်။
ဗဟန်းမြို့နယ်က နေရာတချို့မှာ ရပ်ကွက်ထဲကို လူစိမ်းတွေ ဝင်လာပြီး မီးရှို့ဖို့ကြိုးစားတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း လူမှုကွန်ရက်မှာ ဗီဒီယိုတွေ တင်ထားကြပါတယ်။ အဲဒီအထဲမှာ လူတချို့ကို ဖမ်းဆီထားတာတွေ့ရပြီး မီးရှို့ဖို့ ကြိုးစားတဲ့အတွက် ဖမ်းဆီးထားတာလို့ ပြောဆိုနေကြပါတယ်။
နောက်ပြီး အင်းစိန်မြို့နယ်မှာလည်း ဆေးရုံဝင်းထဲကို ရဲတွေ ဝင်ရောက်ပြီး ဆရာဝန်တွေကို ဖမ်းဆီးဖို့ ကြိုးစားတယ်ဆိုတဲ့ အတွက်ကြောင့် အနီးအနားမှာ ရှိတဲ့ လူတွေက ဆေးရုံကို ဝိုင်းရံထားပြီး သံပုံးတွေ တီးနေကြပါတယ်။
ရန်ကုန်မြို့အပြင် မန္တလေးနဲ့ ပခုက္ကူ မြို့ကြီးတွေမှာလည်း ရဲတွေက ဆရာဝန်တွေကို CDM လှုပ်ရှားမှုနဲ့ ပတ်သက်တယ်ဆိုပြီး ည သန်းခေါင်ယံ အချိန်မှာ ဝင်ရောက် ဖမ်းဆီးမှုတွေလုပ်နေကြကြောင်း လူတွေက ပြောဆိုပြီး လမ်းတွေပေါ်မှာ စုရုံးကာ အကာအကွယ် ပေးဖို့ကြိုးစားကြပါတယ်။
၁၁ ရက်နေ့ကလည်း မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ်ကို ဝင်ရောက် ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ဝင်တွေက အိမ်ခြံဝင်းထဲ ဝင်လာတာကို တွေ့မြင်ခဲ့ရပြီး ရပ်ကွက်နေသူတွေက လိုက်လံ မောင်းထုတ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
BBC Burmese

No comments:
Post a Comment