အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အရေးယူမှု ပြည်သူတွေအပေါ် မသက်ရောက်စေဖို့ ကုလ သတိပေး

ကုလသမဂ္ဂ လက်ထောက် လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Nada al-Nashif

မြန်မာနိုင်ငံမှာ စစ်ဏာသိမ်းမှု ဖြစ်သွားခဲ့တာနဲ့ပတ်သက်လို့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်မယ်ဆိုရင် အောက်ခြေက လူထုကို ထိခိုက်တာမျိုး မဖြစ်စေမယ့် ပစ်မှတ်ထား ဒဏ်ခတ် အရေးယူမှုမျိုး ဖြစ်သင့်တယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အရေးပေါ်စည်းဝေးပွဲအကြောင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းလိုက်တဲ့ တပ်မတော်ခေါင်းဆောင်တွေကို အမေရိကန်အစိုးရက ဒဏ်ခတ် အရေးယူမယ့်အစီအစဉ်တွေ ထုတ်ပြန်လိုက်အပြီးမှာ ကုလသမဂ္ဂ လက်ထောက် လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Nada al-Nashif က ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အဲဒီလို ပြောကြားလိုက်တာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဆောင်တာဟာ သင့်တော်တဲ့ လုပ်ရပ်ဖြစ်ပေမယ့် အများပြည်သူကို ထိခိုက်စေတာမျိုး မဖြစ်သင့်ဘူးဆိုတာကို လက်ထောက် လူ့အခွင့်အရေးမဟာမင်းကြီး Nada al-Nashif က ပြောပါတယ်။

“ဒီလအစောပိုင်း မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ နိုင်ငံအတွက် ဆယ်စုနှစ်တခုကြာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှု ရလဒ်တွေကို နောက်ပြန်ဆွဲလိုက်တဲ့ ကြီးမားတဲ့ ဆုတ်ယုတ်မှု တခုပါပဲ။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒဏ်ခတ်ပိတ်ဆို့မှုေတွေ ချမှတ်တဲ့အခါ - ပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တဲ့ လူပုဂ္ဂိုလ်တွေကိုသာ အသေအချာ ပစ်မှတ်ထားတဲ့ ဒဏ်ခတ်မှုမျိုး ဖြစ်စေချင်ပါတယ်။ အဲ့ဒီလို မဖြစ်မှာ စိုးရိမ်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကိုပဲ ပစ်မှတ်ထား ဒဏ်ခတ်ရမှာပါ။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ကိစ္စကို ဆွေးနွေးဖို့အတွက် ဗြိတိန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့က လူ့အခွင့်အရေးကောင်စီ အရေးပေါ်စည်းဝေးပွဲ ခေါ်ယူပြုလုပ်တဲ့ ဂျနီဗာမြို့က စည်းဝေးပွဲမှာ လက်ထောက် လူ့အခွင့်အရေးမဟာမင်းကြီးက အဲဒီလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီ အရေးပေါ် စည်းဝေးပွဲမှာ ထွက်ဆိုခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး Tom Andrew ကလည်း အခုချိန်ဟာ မြန်မာပြည်အတွက် အင်မတန် အရေးကြီးတဲ့အခြေအနေကို ရောက်နေကြောင်း ထွက်ဆိုခဲ့ပါတယ်။

"အခုချိန်ဟာ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု အန္တရာယ်နဲ့ ကြုံနေရတဲ့အချိန်ပါ။ ကျနော်တိုအားလုံး အတွက်လည်း သိပ်ကို အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ အခုအချိန်မှာ မြန်မာပြည်သူတွေက ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ရဲစွမ်းသတ္တိတွေ ပြခဲ့ကြပြီးဖြစ်သလို၊ ကျနော်တို့ကလည်း သူတို့နဲ့အတူ သူတို့ တိုက်ပွဲဝင်နေတဲ့ စံတန်ဖိုးတွေကို ထောက်ခံ အားပေးကြရအောင်ပါ။ ဒီစံတန်ဖိုးတွေ၊ ဒီကနေ့ မြန်မာနိုင်ငံမှာ သိမ်းယူခံလိုက်ရတဲ့ လူ့အခွင့်အရေးတွေ ဆိုတာဟာ ဒီအဖွဲ့ကြီး ဖွဲ့စည်းထားရခြင်းရဲ့ အဓိက အခြေခံအုတ်မြစ်ပါ။”

ဂျနီဗာမြို့မှာ ရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးမြင့်သူကတော့ နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမျိုး လုပ်ဆောင်ကြဖို့ ဒီ အရေးပေါ် စည်းဝေးပွဲမှာ ချေပ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့အတူ အင်မတန်သိမ်မွေ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေတာဖြစ်ပါတယ်။ နိုင်ငံအတွင်း အစပျိုးခါစ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ရပ်တန့်မသွားစေလိုပါဘူး။ ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို နားလည်ပြီး အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း နဲ့ ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်တန်း တပ်မတော်ခေါင်းဆောင်တွေကို ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဆောင်မယ့်အကြောင်း အမေရိကန်သမ္မတ Joe Biden က ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အထူးမိန့်ခွန်းတရပ် ပြောကြား ကြေညာခဲ့ပြီး အမေရိကန်မှာရှိတဲ့ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိတဲ့ မြန်မာနိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအတွက် ပစ်မှတ်ထားအရေးယူမယ့် လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်းတွေစာရင်းကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနက သမ္မတရဲ့ အုပ်ချုပ်ရေးအမိန့်နဲ့အညီ ထုတ်ပြန်လိုက်တာမှာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် (၁၀) ဦးနဲ့ လုပ်ငန်းအဖွဲ့ ၃ ခုတို့ ပါဝင်ပါတယ်။

အရေးယူခံရမယ့် ပုဂ္ဂိုလ်တွေကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ သမ္မတ ဖြစ်တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး၊ ရေတပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ ဖြစ်ကြပြီး အရေးယူခံရမယ့် လုပ်ငန်းအဖွဲ့အစည်း ၃ ခုကတော့ Myanmar Ruby Enterprise ၊ Myanmar Imperial Jade Co. , LTD. နဲ့ Cancri (Gems and Jewelry) Co. LTD. တို့ဖြစ်ကြပါတယ်။ 


ကိုဇော်ဝင်းလှိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-un-comment-on-the-military-coup-/5776490.html

အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အရေးယူမှု ပြည်သူတွေအပေါ် မသက်ရောက်စေဖို့ ကုလ သတိပေး အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အရေးယူမှု ပြည်သူတွေအပေါ် မသက်ရောက်စေဖို့ ကုလ သတိပေး Reviewed by THITHTOOLWIN on 06:00 Rating: 5

No comments:

Powered by Blogger.