ထားဝယ်က ဆန္ဒပြပွဲမှာ ရဲတချို့ ပူးပေါင်းပါဝင်လာ


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြုလုပ်ရာ ရဲတပ်ဖွဲ့ဝင်တချို့ပူးပေါင်းပါဝင်လာပါတယ်။ ဒီရဲတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များ(ထားဝယ်) ဆိုတဲ့ ဗီနိုင်းတွေကိုင်ဆောင်ထားပြီး ဆန္ဒပြပွဲမှာ ပါဝင်လာတာကိုတွေ့ရပါတယ်။ ထားဝယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၇ ရက်) မှာ စတင်ခဲ့တာဖြစ်ပြီး နောက်တစ်ရက်ဖေဖော်ဝါရီ ၈ ရက်မှာတော့ ဝန်ထမ်းတွေက ဦးဆောင်ပြီး Civil Disobedience Movement CDM လှုပ်ရှားမှု သပိတ်စစ်ကြောင်းစခဲ့ပါတယ်။ 

စစချင်းမှာ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ကျန်တဲ့ ဌာန ဆိုင်ရာဝန်ထမ်းတွေလည်း ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်လာခဲ့တာကိုတွေ့ရပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေကတော့ သီးသန့်သပိတ်စစ်ကြောင်းလည်း ထွက်လေ့ရှိတယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေပေါ်ပေါက်နေပြီး နေပြည်တော်၊ မကွေး၊ လွိုင်ကော်၊ မြိတ်နဲ့ ထားဝယ်မှာ ရဲတပ်ဖွဲ့ဝ်တချို့ရဲ့ ပူးပေါင်းပါဝင်မှုတွေ ရှိလာနေတာဖြစ်ပါတယ်။ 

အဲဒီလို ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးမခံရအောင် ပြည်သူတွေက ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ကယားပြည်နယ်၊ လွိုင်ကော်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြမှုအတွင်း ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၄၀ ကျော်ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သန္ဓေတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ ဒေသခံတွေ အလုပ်အကိုင်ရအောင် အရန်အင်အားစုဖွဲ့ထားမှုသာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56046651

ထားဝယ်က ဆန္ဒပြပွဲမှာ ရဲတချို့ ပူးပေါင်းပါဝင်လာ  ထားဝယ်က ဆန္ဒပြပွဲမှာ ရဲတချို့ ပူးပေါင်းပါဝင်လာ Reviewed by THITHTOOLWIN on 11:11 Rating: 5

No comments:

Powered by Blogger.