![]() |
နေပြည်တော် ဆန္ဒပြပွဲမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၀၈၊ ၂၀၂၁) |
နေပြည်တော်ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပစ်ခတ်နှိမ်နင်းတာကြောင့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတဦးနဲ့ ၂၃ နှစ်အရွယ် အမျိုးသားတဦးတို့ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရရသူပေါင်း ၂၀ လောက် ရှိတယ်လို့လည်း သိရပါတယ်။ ဒဏ်ရာရ လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်တဦးကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခ ဆက်သွယ်မေးမြန်းထားတာပါ။
ဆရာဝန်။ ။ အခုထက်ထိကို လူနှစ်ယောက်လုံးက မသေသေဘူး ခင်ဗျ။ ခေါင်းကို ကျည်ထိတဲ့တယောက်ကတော့ အခုထက်ထိ အသက်ရှင်သေးတယ်။ သူ့ကို သေပြီဆိုပြီးတော့ အပြင်မှာ ပြန့်နေတာ။ ဒါပေမဲ့ အနေအထားကတော့ ရှင်းရှင်းပြောလို့ရှိရင်တော့ သေပြီလို့ ပြောလို့ရတဲ့အနေအထားပဲ။ ကျနော်တို့က အသက်ရှုပိုက်တပ်ထားပေးရတာ။
မမေခ။ ။ အဲဒါဆို ဘယ်သူမှ မသေသေးဘူးပေါ့နော်။
ဆရာဝန်။ ။ ဟုတ်တယ်။ ဘယ်သူမှ မသေသေးဘူး။ အပြင်မှာကျတော့ အဲဒီလိုမျိုး ပြန့်နေတာ။
မမေခ။ ။ နောက်တခုက ထိခိုက်ဒဏ်ရာရတဲ့ ဦးရေ စုစုပေါင်းက ဘယ်လောက်လောက်များရှီပါသလဲ ဆရာတို့ တွေ့ခဲ့ရတာ။
ဆရာဝန်။ ။ အခုလောလောဆယ်တော့ ၂၀ လောက်ရှိတယ်ခင်ဗျ။
မမေခ။ ။ စိုးရိမ်ရတဲ့ အနေအထားကရော ဘယ်လောက်လောက်ရှိပါသလဲရှင့်။
ဆရာဝန်။ ။ ဒီနှစ်ယောက်ပဲ ခင်ဗျ။ စိုးရိမ်ရတဲ့အနေအထားကတော့။
မမေခ။ ။ တယောက်ကခေါင်းထိတယ်။ နောက်တယောက်ကရော။
ဆရာဝန်။ ။ ရင်ဘက်ကို ထုတ်ချင်းပေါက်သွားတာပါ။
မမေခ။ ။ အဲဒီတော့ နှစ်ယောက်စလုံးမှာ အမျိုးသားလား၊ အမျိုးသမီးလားရှင့်။
ဆရာဝန်။ ။ တယောက်က အမျိုးသား၊ တယောက်က အမျိုးသမီး။ ရင်ဘတ်ကို ထိတာက အမျိုးသား၊ အခု ဦးခေါင်းကို ထိပြီး အသက်အန္တရာယ်စိုးရိမ်နေရတာ အမျိုးသမီးပါ။
မမေခ။ ။ ဒီထိခိုက် ဒဏ်ရာက ကျည်ဆံက၊ ရာဘာကျည်ဆံနဲ့ ပစ်တယ်လို့လည်း ပြောတယ်ရှင့်။
ဆရာဝန်။ ။ ကျနော်တို့ကတော့ အခုအနေအထားကတော့ ရာဘာကျည်ဆံနဲ့ ဆိုရင် ဒီလောက်ထိ ထိခိုက်ဒဏ်ရာမရနိုင်ဘူးလို့ ကျနော်တို့ ထင်ပါတယ်။ ဒါပေမဲ့ ပြောလို့တော့ မရသေးဘူးခင်ဗျ။ ဦးခေါင်းကို ထိတဲ့ကျည်ဆံက ဦးခေါင်းခွံ့ထဲမှာပဲ ရှိနေသေးတယ်လို့ ကျနော်တို့ကထင်ပါတယ်။ ဒါက ခေါင်းဓာတ်မှန်တွေအရလေ။
မမေခ။ ။ အယောက် ၂၀ လောက်ဖြစ်တာက ဒီကျည်ဆံထိလို့ ဖြစ်တာလား၊ ဒီရေပိုက်ကြောင့် ဖြစ်တာလား။ ဘယ်လိုကြောင့်ပါလဲရှင့်။
ဆရာဝန်။ ။ ရေပိုက်ကြောင့်တော့အများစုပါ။ ရှပ်ထိတဲ့သူ တယောက်စ၊ နှစ်ယောက်စတော့ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီလူတွေအကုန်လုံးက မရောက်လာဘူးခင်ဗျ။ Medical Team က အပြင်မှာ ကျနော်တို့ လုပ်ပေးနေတာဆိုတော့လေ။ ကျနော်တို့ လူဦးရေအတိအကျတော့ confirm မပေးနိုင်သေးပါဘူး။
ေမခ/ VOA Burmese
https://burmese.voanews.com/a/myanmar-military-coup-naypyitaw/5771095.html

No comments:
Post a Comment