၁၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ အင်အားသုံးဖြိုခွင်းမှု ချက်ချင်းရပ်ဖို့ ကုလ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို


စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွင်းမှုတွေ တိုးလုပ်လာနေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် အင်အားသုံး ဖြိုခွင်းနေတာကို ချက်ချင်း ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ တနေ့လုံး နိုင်ငံတဝန်းက နေရာ အများအပြားမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေကို ရဲနဲ့ စစ်တပ်က အသက်သေစေနိုင်လောက်တဲ့ အားသော်လည်းကောင်း၊ ထိခိုက်ဒဏ်ရာ ရစေနိုင်လောက်တဲ့ အားသော်လည်းကောင်း သုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ် ဆိုတာကို ခိုင်လုံတဲ့ သတင်းအချက်အလက်တွေအရ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က သိခဲ့ရတယ်လို့ ဆိုပါတယ်။ ရန်ကုန်၊ ထားဝယ်၊ မန္တလေး၊ မြိတ်၊ ပဲခူးနဲ့ ပခုက္ကူမြို့တွေမှာ ဆန္ဒပြလူအုပ်ထဲ ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် အခုလို သေဆုံးမှုတွေ ဖြစ်ခဲ့တာလို့လည်း သိရကြောင်း ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေမှာ လွတ်လပ်စွာ စုဝေး ဆန္ဒထုတ်ဖော်ခွင့်၊ ဒီမိုကရေစီ တောင်းဆိုခွင့်တွေ ရှိကြောင်း၊ ပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ လေးစားလိုက်နာသင့်ပြီး အကြမ်းဖက်တဲ့နည်းနဲ့ သွေးထွက်သံယိုဖြစ်အောင် ဖိနှိပ်ဖြိုခွဲတာမျိုး မလုပ်သင့်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ခံ အစိုးရအဖွဲ့ဝင်တွေနဲ့အတူ မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြပြည်သူတွေ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ရေး တောင်းဆိုနေကြသူတွေနဲ့အတူ တစည်းတလုံးတည်း ရပ်တည်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း တိုက်တွန်းလိုက်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

၁၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ အင်အားသုံးဖြိုခွင်းမှု ချက်ချင်းရပ်ဖို့ ကုလ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို ၁၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ အင်အားသုံးဖြိုခွင်းမှု ချက်ချင်းရပ်ဖို့ ကုလ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို Reviewed by THITHTOOLWIN on 22:19 Rating: 5

No comments:

Powered by Blogger.