![]() |
USAID Logo တံဆိပ်။ |
အမေရိကန်အစိုးရက နိုင်ငံတကာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အကူအညီပေးနေတဲ့ USAID အဖွဲ့က မြန်မာနိုင်ငံအတွက် ပေးနေတဲ့ အကူအညီတွေကို အာဏာသိမ်း စစ်အုပ်စုအတွက် အထောက်အပံ့မဖြစ်အောင် ပြန်လည်သုံးသပ်ပြီး ကူညီငွေ ဒေါ်လာ ၄၂ သန်းကျော်ကို ချက်ချင်း နေရာပြောင်း ကူညီတာတွေ လုပ်ဆောင်လိုက်တယ်လို့ ပြောပါတယ်။
USAID အနေနဲ့ အသေးစိတ် လေ့လာသုံးသပ်မှုတွေ လုပ်ပြီးတော့မှ ခုလို ဆုံးဖြတ်လုပ်ဆောင်တာဖြစ်တယ်လို့ USAID အဖွဲ့က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောလိုက်တာပါ။
မြန်မာနိုင်ငံအတွက် ပေးနေတဲ့ အကူအညီတွေကို စစ်တပ်အတွက် မဖြစ်စေဘဲ မြန်မာ လူမှုအသိုင်းအဝိုင်းအတွက် လူထုအခြေပြုအဖွဲ့အစည်းတွေ ပိုမို ခိုင်မာ အားကောင်းလာစေရေးအတွက်ကိုပဲ အားပေးကူညီသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာပြည်သူတွေအတွက် အကူအညီတွေကိုတော့ ဆက်ပေးသွားမှာဖြစ်ပြီး ခန့်မှန်းခြေ ဒေါ်လာ ၆၉ သန်းလောက်ကို နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်နေတဲ့ အစီအစဉ်တွေကနေတဆင့် ဆက်ပေးသွားမှာဖြစ်ပြီး အထူးသဖြင့် ကိုဗစ်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းတွေ၊ ဒီမိုကရေစီပတ်ဝန်းကျင်တရပ် ရှိလာစေဖို့ လူထုအခြေပြုအဖွဲ့အစည်းတွေ ပိုမိုခိုင်မာ အားကောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှု အစီအစဉ်တွေကို ဆက်ပြီး ပံ့ပိုးပေးသွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ဒီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်အပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချက်ချင်း ချမှတ် လုပ်ဆောင်ခဲ့သလို ခုလို မြန်မာနိုင်ငံတွင်း အကူအညီတွေနဲ့ ပတ်သက်လို့လည်း စစ်အစိုးရကို အထောက်အပံ့မဖြစ်စေရေး ဆုံးဖြတ် လုပ်ဆောင်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၄၆၉ သန်း ပေးအပ်ခဲ့တယ်လို့လည်း USAID အဖွဲ့က ပြောပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ စတွက်ရင်တော့ မြန်မာနိုင်ငံအတွက် အကူအညီပေါင်း ဒေါ်လာသန်း ၁,၂၀၀ နီးပါး ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/usaid-myanmar-aid/5775981.html

No comments:
Post a Comment