![]() |
ပစ်ခတ်ခံရပြီး လဲကျသွားခဲ့တဲ့အချိန် |
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် စစ်အာဏာသိမ်းခဲ့အပြီး နေပြည်တော်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် လဲကျသွားတဲ့ပုံဟာ ဒီလိုမျိုး ပစ်ခတ်ခံခဲ့ရတဲ့ အလားတူ နောက်ဖြစ်ရပ်တစ်ခုကို ပြန်ပြောင်း သတိရစေမိပါတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာလတုန်းက ရန်ကုန်မြို့ လမ်းမတစ်ခုမှာ တခြား ဆန္ဒပြသူ ရာပေါင်းများစွာနဲ့ အတူ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေး မဝင်းမော်ဦးဟာလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။ မဝင်းမော်ဦးရဲ့ အသက်ပေးဆပ်ခဲ့ရမှုဟာ ၈၈ လှုပ်ရှားမှုရဲ့ စံနမူနာတစ်ခု၊ လူလူချင်း အစာနာကင်းမဲ့စွာ ပြုမူခဲ့မှုရဲ့ ပြယုဂ်တစ်ခုအဖြစ် ထင်ကျန်ရစ်ခဲ့ပါတယ်။
ဒါဟာ သမိုင်းတစ်ကျော့ ပြန်လည်လာတာလို့ ဆိုရမှာပါ။ ၁၉၆၂ ခုနှစ်မှာ ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး ဗိုလ်ချုပ်ကြီးနေဝင်းက စစ်အာဏာ သိမ်းခဲ့ပြီးကတည်းက သူ့လက်အောက် စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကျောင်းသား အတော်များများကို သတ်ဖြတ်နှိမ်နင်းခဲ့ပါတယ်။
၁၉၆၂၊ ၁၉၈၈ နဲ့ ၂၀၂၁
၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ်တို့တုန်းကလိုပဲ အခုလည်း စစ်တပ်ရဲ့ ရက်စက်မှုကြောင့် ပြည်သူတွေ တစည်းတလုံးတည်း ပူးပေါင်းပြီး စစ်တပ်ကို ပြန်ဆန့်ကျင်ဖို့ ဖြစ်လာခဲ့ပါပြီ။ အခု ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ NLD ပါတီ မဲအပြတ်အသတ်နိုင်ခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ ကာလတုန်းကထက်တောင် ပိုပြီး လူကြိုက်များလာနေပါတယ်။
၁၉၈၈ ခုနှစ်တုန်းကလိုပဲ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရဲ့ ရှေ့ခရီးအတွက်အဆုံးအဖြတ်ပြုရာနေရာမှာ ရှိလာနေပါတယ်။ ပြည်သူသန်းပေါင်းများစွာဟာ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစားပြီး သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ မမှိတ်မသုန်သော ရဲစွမ်းသတ္တိကြောင့် ကျေးဇူးတင်ချစ်ခင်ကြတာပါ။
![]() |
၁၉၈၈ မှာ စစ်တပ်က လူအများကို ပစ်ခတ်နှိမ်နင်းခဲ့ |
၁၉၈၈ ခုနှစ်တုန်းကလိုပဲ စစ်တပ်ရဲ့ အင်အားသုံး နှိမ်နင်းမှုအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုက စိတ်ပျက်စရာ ကောင်းလှအောင်ကို အမြင်တွေ ကွဲခဲ့ကြတာပါ။ အခုချိန်မှာလည်း အဲဒီတုန်းကလိုပဲ အနောက်အုပ်စုနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေဟာ တရုတ်နဲ့ အာဆီယံ နိုင်ငံတွေကြောင့် သိပ်ပြီး ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး။ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ စီးပွားရေး စျေးကွက် တည်ငြိမ်ဖို့ကိုပဲ စိတ်ဝင်စားကြတာ ဖြစ်ပြီး ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ကို သိပ်အလေးမထားကြပါဘူး။ ဒါ့အပြင် တရုတ်ကလည်း သူတို့ရဲ့ ပို့ကုန်တွေကို အိန္ဒိယသမုဒ္ဒရာ တဘက်ကမ်း ရောက်အောင် မြန်မာနိုင်ငံကနေတဆင့် ဖြတ်ပြီး တင်ပို့နိုင်ဖို့ လိုနေတာပါ။။
၁၉၈၈ ခုနှစ်တုန်းကလိုပဲ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်သေးသလို ငွေကြေးချို့တဲ့မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အခုလို အာဏာသိမ်းလိုက်တဲ့အတွက် ကိုဗစ်ရောဂါဘေးကြောင့် နဂိုက အထိနာနေတဲ့ စီးပွားရေးကို ပိုထိခိုက်သွားစေပါလိမ့်မယ်။
ရွေးကောက်ပွဲ ရလဒ်ကို လက်မခံခဲ့တဲ့ ၁၉၉၀ ခုနှစ်တုန်းကလိုပဲ စစ်တပ်က NLD ပါတီကို ဖြိုခွဲဖို့ ကြိုးစားရင်း ရွေးကောက်ပွဲတွေ ထပ်ကျင်းပကောင်း ကျင်းပမယ့်ပုံ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မဟုတ်မမှန် စွဲချက်တွေနဲ့ ပြစ်ဒဏ် ကျခံအောင် လုပ်နိုင်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းကလိုပဲ ရွေးကောက်ပွဲမှာ NLD ပါတီက သပိတ်မှောက်ပြီး ဝင်မပြိုင်ဖို့ကိုလည်း စစ်တပ်က မျှော်လင့် ဆုတောင်းနေပါလိမ့်မယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကလိုပဲ နိုင်ငံကို ဗဟိုကနေ ထိန်းချုပ်နိုင်ရေး အကျပ်အတည်း ပြဿနာနဲ့ ဆက်ရင်ဆိုင်နေရဆဲမို့ စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သင့်မြတ် ကြေအေးမယ့် နည်းဗျူဟာကို သုံးလာနိုင်ဖွယ် ရှိပါတယ်။
![]() |
Generation Z |
ဒါပေမဲ့ ဒီတစ်ခါမှာတော့ အခြေအနေတွေက အတော်လေးကို ကွာခြားသွားပါပြီ။ ဟိုတုန်းက ၈၈ မျိုးဆက် (88 Generation)နဲ့ အခု ဇက် မျိုးဆက် (Generation Z) က ကွာခြားလွန်းနေပါတယ်။ အခုချိန်မှာ ဆိုရှယ်မီဒီယာ ပိတ်ပင် ကန့်သတ်မှုတွေကို လှည့်ပတ် ရှောင်ရှားနိုင်တဲ့ အက်ပ်တွေ သန်းနဲ့ချီ ဒေါင်းလုဒ် လုပ်ထားကြပါပြီ။
အခုချိန်မှာ မြန်မာလူငယ်တွေ အထူးသဖြင့် မြို့ပြ လူလတ်တန်းစား လူငယ်တွေဟာ ၈၈ မျိုးဆက်လူငယ်တွေ မခံစားခဲ့ရဖူးတဲ့ လွတ်လပ်မှုအရသာကို သိနေကြပြီး ဖြစ်ပါတယ်။ လွတ်လပ် တရားမျှတတယ်လို့ ပြောရလုနီးပါး ရွေးကောက်ပွဲတစ်ခုကို ကြုံခဲ့ရဖူးသလို နိုင်ငံရေး အထိုက်အလျောက် လွတ်လပ်မှုနဲ့ သာယာဝပြောမှုကိုလည်း ခံစားခဲ့ဖူးကြပါပြီ။ ဒီတော့ လူငယ်အတော်များများအနေနဲ့ လုံးဝ နောက်ပြန်လှည့်မယ့်ပုံ မရှိပါဘူး။
အစိုးရအဖွဲ့ထဲမှာ စစ်တပ် ပါဝင်မှု အကြီးအကျယ် လျှော့ချဖို့ ဒါမှမဟုတ် လုံးဝ မပါဖို့ ဆိုတဲ့ နိုင်ငံရေးအစဉ်အလာသစ် တရပ်ကို တောင်းဆိုရာမှာ ဒီလူငယ်တွေက ကျန်တဲ့သူတွေနဲ့ အတူ ပူးပေါင်းသွားကြပါပြီ။
![]() |
အကြမ်းဖက်နှိမ်နင်းမှုတွေဖြစ်လာမှာ စိုးရိမ်စရာရှိ |
လောလောဆယ် ဖြစ်နေတဲ့ အကျပ်အတည်းကြီးကနေ ဘယ်လို ရလဒ်မျိုးပဲ ရလာလာ၊ မြန်မာပြည်သူတွေကတော့ နောက်ပြန်မလှည့်ဖို့အဆင့်ကို ရောက်လာခဲ့ကြပါပြီ။ အခြေအတင် ငြင်းခုံရတဲ့ လမ်းကြောင်းလည်း ပြောင်းလိုက်ပါပြီ။ ၁၉၈၈ မှာ စစ်တပ်က ဖမ်းဆီး၊ နှိပ်စက်ညှင်းပန်း၊ သတ်ဖြတ်နှိမ်နင်းနိုင်ခဲ့သလို အခုတော့ ဒီမိုကရေစီ ရရေး တစ်ကျော့ပြန် တောင်းဆိုမှုတွေကို ပိတ်ဆို့တားဆီးဖို့ကတော့ လွယ်ကူမှာ မဟုတ်ပါဘူး။
တိုက်ပွဲထဲမှာ ဟာသလည်းပါ
အခု ဆန္ဒပြသူတွေကတော့ အချိန်ကြာကြာ လုပ်သွားရဖို့ ရှိနေပါတယ်။ သူတို့က ဒစ်ဂျစ်တယ်နည်းနဲ့ ဆန္ဒပြမှုတွေကို လက်မလျှော့တမ်း လုပ်သွားမယ့်ပုံလည်း ရှိပါတယ်။ ဒါ့အပြင် လူငယ် ဆန္ဒပြသူတွေက စစ်တပ်ဘက်က တန်ပြန်ဖို့ မလွယ်တဲ့ ဟာသဉာဏ် လက်နက်နဲ့လည်း ထိုးနှက် တိုက်ခိုက်နေကြပါတယ်။
"အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဆု ရတဲ့အထိ ငါတို့ ဒီမိုကရေစီ တိုက်ပွဲဝင်သွားမယ်" ဆိုတဲ့ ဟာသနှောထားတဲ့ သူတို့ရဲ့ ဆန္ဒပြ ဆိုင်းဘုတ်ပါ စာသားက လူတွေအကြား ပြောစမှတ် ဖြစ်သွားစေခဲ့ပါတယ်။ သူတို့ရဲ့ တိုက်ပွဲက အဲဒီလောက်ကိုပဲ ကြာကောင်း ကြာနိုင်သလားပေါ့နော်။
Generation Z ဇက်မျိုးဆက်တွေက သွက်လက်မြန်ဆန်ပြီး ဆန္ဒပြမှုတွေကို ရွေ့လျားရင်းနဲ့ စီစဉ်ပြုလုပ်သွားကြတာပါ။ အခုအခါ အွန်လိုင်းပေါ်ကနေ ထိပ်တိုက်ရင်ဆိုင်တဲ့ စာသားတွေနဲ့ တိုက်နေကြပါတယ်။ ဘယ်သူဘယ်ဝါ မသိရတဲ့ အင်တာနက်အုပ်စု ခေါင်းဆောင်ကို ဖမ်းမိနိုင်ဖို့က မလွယ်လှပါဘူး။
![]() |
တိုက်ရိုက်လိုင်းပေါ် တက်လာမယ် |
လူငယ်ဆန္ဒပြသူတွေ
စစ်တပ်အတွက် ပိုအခက်တွေ့စေတာက ဒစ်ဂျစ်တယ် စနစ် ဖြစ်နေတာကြောင့် ဘယ်ကိစ္စမဆို ဖုံးထားလို့ မရတာပါ။ မန္တလေးမှာ လူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရရင် အဲဒီအကြောင်း လိုက်ဗ်လွှင့်တာကို လန်ဒန်ကနေ တိုက်ရိုက် ကြည့်နိုင်ပါတယ်။ စစ်တပ်က ဒါကို အရေးစိုက်ချင်မှ စိုက်မှာ ဖြစ်ပေမဲ့ ၁၉၈၈ တုန်းကလို မဟုတ်ဘဲ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လူတွေက မှတ်တမ်းတင် ရိုက်ယူထားဖို့ အခုခေတ်မှာ အရမ်းကို လွယ်သွားပါပြီ။
ဒီကိရိယာသစ်တွေက ဝန်ထမ်းတွေ အလုပ်မဆင်းပဲ ဆန္ဒပြကြဖို့အတွက် အရှိန်သြဇာကြီးမားတဲ့ တွန်းအားတွေ ဖြစ်ပေမဲ့ အာဏာအလွဲသုံးပြီး နိုင်ငံပိုင်တွေကို ယူနေတဲ့ စစ်တပ်ကို စီးပွားရေးသြဇာ အရှိန်အဝါ လျော့သွားအောင် လုပ်ဖို့က ပိုလိုအပ်နေပါတယ်။ ဒီတော့ ဒါကို ပြည်ပနိုင်ငံတွေက လုပ်ပေးရမှာပါ။
နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ချဉ်းကပ်နည်း အဟောင်းတွေကို ပယ်ဖျက်သင့်ပါပြီ။ နိုင်ငံအစိုးရတွေဟာ အရပ်သား စစ်တပ် ဆက်ဆံရေးတွေ၊ ရွေးကောက်ပွဲတွေ ဒါမှမဟုတ် ဒီမိုကရေစီစနစ်ပေါ်မှာပဲ အာရုံစိုက် ဆုပ်ကိုင် မထားသင့်ပါဘူး။ ပြင်ပကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီလိုကိစ္စတွေမှာ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှု လုံးဝ မရှိသလောက်ပဲ ဖြစ်ပြီး အခြေအနေတွေတောင် ပိုဆိုးသွားစေနိုင်တယ် ဆိုတာ အတိတ်သမိုင်းက ဖော်ပြနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထူးထူးကဲကဲ အာရုံစိုက်တာကလည်း အကန့်အသတ်နဲ့ပဲ အောင်မြင်နိုင်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဖိနှိပ်ခံ ပြည်သူတွေရဲ့ ထောက်ခံအားပေးခဲ့မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် အာဏာ ရလာခဲ့ပေမဲ့ အာဏာရလာခဲ့တာနဲ့ တပြိုင်နက် ဖိနှိပ်ခံရသူတွေဘက်က ထုတ်ဖော်ပြောတာမျိုး မရှိတော့ပါဘူး။ အထူးသဖြင့် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေဘက်က လိုက်ပြောတာမျိုး မလုပ်ခဲ့ပါဘူး။
ရေရှည်အတွက် ရည်ရွယ်သင့်
နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ စီးပွားရေးအခွင့်အရေးတွေပေါ်မှာလည်း အာရုံထား လုပ်ဆောင်သင့်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်အထိ မြန်မာနိုင်ငံမှာ တစ်နေ့ကို ဝင်ငွေ ၂ ဒေါ်လာ တောင်မရတဲ့သူ အရေအတွက်ဟာ လူဦးရေရဲ့ ၆၃ ရာခိုင်နှုန်း ရှိနေပါတယ်။ ကမ္ဘာအနေနဲ့ ကြည့်ရင် မျက်နှာပျက် အရှက်ရစရာပါ။
သံတမန်ရေးနဲ့ လူသားချင်း စာနာကယ်ဆယ်ရေး ဝင်ရောက် ကူညီနေမှုတွေအားလုံးရဲ့ အဓိက ရည်ရွယ်ချက်က လူမှုရေး တရားမျှတမှု ရှိဖို့ ဖြစ်သင့်ပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးကို ကာလတာရှည် လိုလားတောင့်တ နေကြတဲ့ လူနည်းစု တိုင်းရင်းသားတွေ ရှိရာ နိုင်ငံအစွန်အဖျားဒေသတွေမှာပါ။
အဲဒီလိုသာ လုပ်ပေးနိုင်ရင်တော့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ရာစုနှစ် တစ်ဝက်လောက် ပျက်စီးမှု သံသရာထဲ ဝဲလည်နေမယ့်အစား နိုင်ငံရေးစနစ်သစ်တစ်ခုဆီ ဦးတည်နိုင်မယ့် အခြေခံအုတ်မြစ်တွေကို စတင်ချနိုင်တော့မှာ ဖြစ်ပါတယ်။
(ခရစ္စတိုဖာဂန်းနက်သည် ဘီဘီစီသတင်းထောက်၊ အစီအစဉ်တင်ဆက်သူအဖြစ် ၂၃ နှစ်တာလုပ်ကိုင်ခဲ့ပြီးသည့်နောက် ၂၀၀၅ ခုနှစ်တွင် UNRWA ကုလသမဂ္ဂ ပါလက်စတိုင်းဒေသပြန်လည်ထူထောင်ရေးရုံးတွင်အမှုထမ်းခဲ့သည်။ ယခုအခါ လန်ဒန်မြို့တွင်နေထိုင်ပြီး သတင်းဆောင်းပါးများပေါ့ဒ်ကတ်စ်မှ ထုတ်လွှင့်တင်ဆက်လျက်ရှိသည်။)
BBC Burmese

No comments:
Post a Comment