မြန်မာနိုင်ငံသားတွေ ပြန်ပို့မယ့် မလေးရှားအစီအစဉ် နိုင်ငံတကာကန့်ကွက်

မလေးရှား ထိန်းသိမ်းရေးစခန်းက နေပြန်သွားကြတဲ့မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - မြန်မာလူမှု ကူညီရေးအသင်း (မလေးရှား) - ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁ )

မြန်မာနိုင်ငံသား ၁၂၀၀ ကို မြန်မာရေတပ်သင်္ဘောတွေနဲ့ မြန်မာနိုင်ငံ ပြန်ပို့ဖို့ လုပ်နေတဲ့ မလေးရှား နိုင်ငံရဲ့ လုပ်ရပ်ကို ရပ်ဆိုင်းဖို့ အမေရိကန်အပါအဝင် နိုင်ငံတကာက တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံက လွှတ်လိုက်တဲ့ သင်္ဘော ၃ စင်းနဲ့ ပြန်ပို့မယ့် သူတွေ အထဲမှာ မကြာခင်က အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ် လက်အောက်မှာ အန္တရာယ်ကျရောက်နိုင်တဲ့ လူနည်းစုအဖွဲ့ဝင်တွေ ပါနေတယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံ ကွာလာလန်ပူရှိ အမေရိကန်သံရုံးက ဒီကိစ္စကို အထူးစိုးရိမ်ကြောင်း ပြောဆိုပြီး အထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေ့ခွင့်ပေးဖို့ ဒီလူတွေထဲမှာ ခိုလှုံခွင့် တောင်းခံထားသူတွေ ပါမပါ စစ်ဆေးခွင့်ပေးဖို့ တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကတော့ အခု ပြန်ပို့မယ့် သူတွေထဲမှာ အနည်းဆုံး ၆ ယောက်ဟာ သူတို့ဆီမှာ မှတ်ပုံတင်ထားပြီး နိုင်ငံတကာရဲ့ အကာအကွယ်ကို လိုအပ်နေသူတွေ ဖြစ်ပေမယ့် သူတို့ထဲက အများစုကိုတော့ တွေ့ဆုံခွင့် မရပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

Fortify Rights လူ့အခွင့်ရေးအဖွဲ့ အကြီးအကဲ Amy Smith က အခုလို ပြန်ပို့မယ့် အစီစဉ်ဟာ ဒီလူတွေရဲ့ အသက်ကို အန္တရာယ် ကျရောက်စေမှာ ဖြစ်သလို မြန်မာနိုင်ငံမှာ မတရားတဲ့ စစ်အာဏာသိမ်းမှုကို တရားဝင် ဖြစ်အောင် လုပ်ဆောင်ရာ ကျတယ်လို့ ပြောပါတယ်။ အခု ပြန်အပို့ခံရမယ့် သူတွေထဲမှာ ပဋိပက္ခဖြစ်ပွါးနေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တို့က လူတွေနဲ့ ခရစ်ယန်ဘာသာဝင် ချင်းတိုင်းရင်းသားတွေ ပါဝင်နေတယ်လို့လည်း ပြောပါတယ်။

မလေးရှားအာဏာပိုင်တွေ ကတော့ အခု ပြန်ပို့မယ့် သူတွေဟာ နေထိုင်ခွင့် သက်တမ်းကို ကျော်ပြီးနေထိုင်တာ အပါအဝင် ပြစ်မှုတွေ ကျူးလွန်ထားသူတွေ ဖြစ်ပြီး မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် အသိမှတ် မပြုတဲ့ ရိုဟင်ဂျာမူစလင်တွေေ မပါဝင်ဘူးလို့ ပြောပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-navy-ships-docked-in-malaysia/5789053.html

မြန်မာနိုင်ငံသားတွေ ပြန်ပို့မယ့် မလေးရှားအစီအစဉ် နိုင်ငံတကာကန့်ကွက် မြန်မာနိုင်ငံသားတွေ ပြန်ပို့မယ့် မလေးရှားအစီအစဉ် နိုင်ငံတကာကန့်ကွက် Reviewed by THITHTOOLWIN on 10:27 Rating: 5

No comments:

Powered by Blogger.