ဆန္ဒပြမှုများ အကြမ်းဖက်နှိမ်နင်းခံရ တနိုင်ငံလုံး ၂၀ ဝန်းကျင်သေဆုံး

ဖေဖော်ဝါရီ ၂၈ ရက်နေ့က လှည်းတန်း ၇ လမ်းထိပ်မှာ သေနတ်ကျည်ဆံ ထိမှန်ခံရသည့် ဆန္ဒပြလူငယ်။

မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ ပစ်ခတ်နှိမ်နှင်းမှုကြောင့် တနိုင်ငံလုံးမှာဆိုရင်လူ ၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ ရန်ကုန်မြို့မှာ လက်နက်ကိုင် လုံခြုံရေးတွေ မျက်ရည်ယိုဗုံးတွေသုံး လိုက်လံဖြိုခွင်းတဲ့ကြားမှာပဲ ဆန္ဒပြသူတွေကလည်း အခွင့်အရေးရသလို ဆန္ဒပြခဲ့ကြပါတယ်။

လှည်းတန်းနဲ့ မြေနီကုန်းတဝိုက်မှာ ဆန္ဒပြ သူတွေကို ပစ်ခတ်တဲ့အတွက် သေဆုံးတယ်လို့ အတည်ပြုနိုင်သူ ၃ ယောက်ရှိပါတယ်။ လှည်းတန်းဘက်မှာ အထပ်မြင့်တိုက်ပေါ်ကနေ ဆန္ဒပြသူတွေကို ချိန်ပစ်တယ်လို့ လှည်းတန်းမှာနေသူတွေက ပြောပြပါတယ်။ အဲဒီမှာ အသက် ၂၀ ဝန်းကျင်လူငယ် ၂ ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ မြေနီကုန်း ကြည့်မြင်တိုင်ဘက်မှာလည်း သေနတ်ထိမှန်လို့ ကျောင်းဆရာမတယောက် သေဆုံးခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ဒီနေ့ မနက် အစောပိုင်းထဲက ဆန္ဒပြမယ့်သူတွေ လူစုနေတဲ့ နေရာတွေကို လုံခြုံရေးတွေက မျက်ရည်ယိုဗုံးတွေသုံး လူစုခွဲဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့မှာလည်း ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ဦးခေါင်းကို သေနတ်ထိမှန်သူ ၂ ယောက်အပါအဝင် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

မန္တလေးမြို့လမ်းတွေထဲ လက်နက်ကိုင်လုံခြုံရေးတွေ ဝင်လာလို့မရအောင် ပြည်သူတွေကလည်း အတားအဆီးတွေလုပ် ဆန္ဒပြခဲ့ကြပါတယ်။

“”မနက်ပိုင်းကလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့

ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို မန္တလေးကုတင် ၃၀၀ ဆန့် ဆေးရုံဝန်းထဲကနေ အပြင်မထွက်နိုင်အောင် လုံခြုံရေးတွေက ပိတ်ဆို့ထားခဲ့ပြီး ညနေပိုင်းရောက်မှ ဖယ်ရှားခဲ့ပါတယ်။

ပခုက္ကူမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကိုလည်း မျက်ရည်ယိုဗုံးတွေ သေနတ်တွေနဲ့ ပစ်ခတ်လူစုခွဲတဲ့အတွက် သေဆုံးသူ အနည်းဆုံး ၁ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိပါတယ်။ ဒဏ်ရာရသူတယောက်ကို လုံခြုံရေးတွေက ခေါ်သွားတယ်လို့လည်း မြို့ခံ မျက်မြင်တွေက ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံတောင်ပိုင်း မြိတ်မြို့မှာလည်း ဆန္ဒပြသူတွေ သေနတ်နဲ့ပစ်ခတ် လူစုခွဲဖမ်းဆီးပါတယ်။ လောလောဆယ် သိထားသလောက် မြိတ်မြို့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ ၅ ယောက်ထက်မနည်းရှိပါတယ်။ ထားဝယ်မြို့မှာတော့ ပစ်ခတ်နှိမ်နှင်းမှုကြောင့် ၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဆေးဝန်ထမ်းတွေနဲ့ ဒေသခံသတင်းမီဒီယာတွေက ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်စုအပါအဝင် အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းထဲက ထားဝယ်မြို့ပြည်သူ ထောင်သောင်းချီ နေ့စဉ် လမ်းပေါ်ထွက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဒီနေ့ အာဏာပိုင်တွေရဲ့ ပစ်ခတ်နှိမ်နှင်းမှုကြောင့် ပဲခူးနဲ့ မော်လမြိုင်မြို့တွေမှာလည်း သေဆုံး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်ဆိုတဲ သတင်းထွေ ထွက်နေပေမဲ့ လောလောဆယ် အတည်ပြုလို့ မရသေးပါဘူး။ ခုလို နိုင်ငံအနှံ့ ဆန္ဒပြသူတွေကို လက်နက်ကိုင်အာဏာပိုင်တွေက ပစ်ခတ်နှိမ်နှင်းသလို အတော်များများလည်း ဖမ်းဆီးခံခဲ့ရပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/military-coup-yangon-mandalay-what-is-happening-in-myanmar-/5795858.html

ဆန္ဒပြမှုများ အကြမ်းဖက်နှိမ်နင်းခံရ တနိုင်ငံလုံး ၂၀ ဝန်းကျင်သေဆုံး ဆန္ဒပြမှုများ အကြမ်းဖက်နှိမ်နင်းခံရ တနိုင်ငံလုံး ၂၀ ဝန်းကျင်သေဆုံး Reviewed by THITHTOOLWIN on 21:19 Rating: 5

No comments:

Powered by Blogger.