ကယားသပိတ်ခေါင်းဆောင်တွေကို စစ်ကောင်စီတရားစွဲ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ ကယားပြည်နယ်က မြင်ကွင်း။ (ဓာတ်ပုံ - ကယားပြည်နယ်သပိတ်ကော်မတီ - ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁)

ကယားပြည်နယ်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ထပ်မံပူးပေါင်းလာပြီး သပိတ်ကော်မတီဝင်တွေကိုတော့ စစ်အုပ်ချုပ်ရေးကောင်စီက တရားစွဲဆိုတာတွေလည်း လုပ်လာပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပူးပေါင်းသပိတ်လှုပ်ရှားဆက်ဖြစ်နေပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း ထပ်မံပူးပေါင်းလာကြောင်း ကယားပြည်နယ်သပိတ်ဝန်းရံသူလည်းဖြစ်၊ ဗကသမျိုးဆက်ကျောင်းသားတဦးလည်းဖြစ်တဲ့ ကိုကောင်းထက်ကျော်က အခုလိုပြောပါတယ်။

"ဒီနေ့ ရဲ သုံး ယောက်ထပ်ပြီး ပူးပေါင်းလာပါတယ်။ အခုဆိုရင် ပူးပေါင်းလာတဲ့ ရဲတပ်ဖွဲ့ဝင် ၆၄ ဦး ရှိသွားပါပြီ။ ဒီ သုံး ဦးကို သပိတ်ကော်မတီက လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ပြီးသွားပါပြီ။ ကျနော်တို့ သပိတ်ကော်မတီဝင်တွေရဲ့ စဉ်းစားမှုက မနက်ဖြန်မှာ Silence day အဖြစ်သတ်မှတ်တယ်။ သတ်မှတ်ပြီး မနက်ဖြန်မှာ လူထုတရပ်လုံးရော၊ ဝန်ထမ်းတွေရော ဌာနဆိုင်ရာတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး လမ်းပေါ်မထွက်ဘဲ ကိုယ့်အိမ်ထဲမှာ နေပြီး ဆန့်ကျင့်ကြဖို့ သပိတ်ကော်မတီက စဉ်းစားထားပါတယ်။"

မြန်မာစစ်အုပ်ချုပ်ရေးကောင်စီကတော့ ကယားပြည်နယ် သပိတ်ကော်မတီမှာ ပါတဲ့သူတွေကို ဖိအားပေးတဲ့အနေနဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ခေါင်းဆောင်တွေအပါအဝင် သပိတ်ကော်မတီဝင်အတော်များများကို တရားစွဲဆိုစာတွေ ထွက်လာပါတယ်။ ဒါပေမဲ့ သပိတ်ကော်မတီဝင်တွေရဲ့ လူထုလှုပ်ရှားမှုတွေကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့လည်း ကိုကောင်းထက်ကျော်ကပြောပါတယ်။

"ဒီလိုမျိုး သပိတ်ကော်မတီဝင်တွေရော၊ ဦးဆောင်တဲ့သူတွေကိုရော တရားစွဲတဲ့လုပ်ရပ်တွေကတော့ နောက်ရက်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ခေါင်းဆောင်မှု မပေးနိုင်အောင် ဖိအားပေးပြီး သပိတ်ကို တန့်သွားအောင်၊ ဟန့်သွားအောင်လုပ်တာဖြစ်ပါတယ်။ ကယားပြည်နယ်သမိုင်းအရ တဗိုလ်ကျတဗိုလ်တက်စံနစ်နဲ့ သွားတဲ့အတွက်သူတို့ဟန့်တားမှုက အောင်မြင်မှာ မဟုတ်ပါဘူး။"

ကယားပြည်နယ်သပိတ်ဟာ လူထုလူတန်းစားအလွှာပေါင်းစုံ ပါဝင်ပြီး တိုင်းနဲ့ ပြည်နယ် အားလုံးထဲမှာ ရဲတပ်ဖွဲ့ဝင်အများဆုံး ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့တဲ့ပြည်နယ်ဖြစ်ပါတယ်။ အခုဆိုရင် ပြည်နယ်တခုလုံးရဲ့ ရဲတပ်ဖွဲ့ဝင် သုံးပုံတပုံဟာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီကိုဆန့်ကျင်တဲ့ သပိတ်ကော်မတီနဲ့ ပူးပေါင်းခဲ့ပြီး သူတို့ကိုတော့ လုံခြုံတဲ့နေရာမှာ ကာကွယ်ပေးထားတယ်လို့ သပိတ်ကော်မတီက ပြောပါတယ်။


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/kayah-myanmarmilitary-coup-protest/5777692.html

ကယားသပိတ်ခေါင်းဆောင်တွေကို စစ်ကောင်စီတရားစွဲ ကယားသပိတ်ခေါင်းဆောင်တွေကို စစ်ကောင်စီတရားစွဲ Reviewed by THITHTOOLWIN on 19:37 Rating: 5

No comments:

Powered by Blogger.