ကုလလူ့အခွင့်အရေးကကောင်စီအစည်းအဝေးမှာ နိုင်ငံအများစု စစ်အာဏာသိမ်းမှုကိုရှုတ်ချ


မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံအရေး အထူးအစည်းအဝေးမှာ ကမ္ဘာ့နိုင်ငံအသီးသီးက ဆွေးနွေးကြရာမှာ နိုင်ငံအများစုက စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်ကို ချက်ခြင်းလွှတ်ပေးရမယ်လို့ တောင်းဆိုခဲ့ကြပါတယ်။

ပေါ်တူဂီ၊ ဒိန်းမတ်၊ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ ၊ စပိန် စတဲ့ အီးယူ နိုင်ငံတွေနဲ့  အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ဖင်လန် နိုင်ငံတွေက အဲဒီလိုတောင်းဆိုကြတာပါ။ 

နယ်သာလန်နိုင်ငံကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ဝေဖန်ရှုတ်ချပြီး၊ ဆိုင်ဘာဥပဒေနဲ့ ပြည်သူအမြောက် အများကို ဖမ်းဆီးထိမ်းသိမ်းထားတာနဲ့ ပက်သက်ပြီး ဝေဖန်သွားပါတယ်။ အိုင်စီဂျေ အမှု ကြားနာစစ်ဆေးမှုတွေ ကိုလည်း ဆက်လုပ်ဖို့ တိုက်တွန်းသွားပါတယ်။

ယူကရိန်း၊ အာဂျင်တီးနား၊ ဗင်နီဇွဲလား၊ နီပေါ နဲ့ ဂျပန်နိုင်ငံတွေကတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေ ကို စိုးရိမ်ပူပန်ကြောင်း ပြောဆိုပြီး၊  နှစ်ဘက် စေ့စပ်ဆွေးနွေး စကားပြောကြဖို့တိုက်တွန်းကြပါတယ်။  

ပါကစ္စတန်၊ ဆူဒန်၊ ဘင်္ဂလားဒေ့ရှ် ၊ တူရကီ၊ ကာတာ၊ ဂျော်ဒန်၊ တူနီးရှား နဲ့ လစ်ဗျားနိုင်ငံ တွေကတော့ ရိုဟင်ဂျာအရေးကို ဦးစားပေး ပြောဆိုဆွေးနွေးသွားခဲ့ပါတယ်။ 

ရုရှားနိုင်ငံက မြန်မာနိုင်ငံမှာ နိုင်ငံရေး အင်အားစုတွေအကြား သဘောထားကွဲပြားမှုဟာ ပြည်တွင်းရေး ကိစ္စသာဖြစ်တယ်လို့ ပြောပြီး အာဏာသိမ်း စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကာကွယ်ပြောဆိုသွားပါတယ်။ 

တရုတ်နိုင်ငံကတော့ အခု ဖြစ်နေတဲ့ ကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ဖြစ်တဲ့အတွက် အခုလို အထူးအစည်းအဝေးကျင်းပဖို့မလိုဘူးလို့ ပြောသွားသလို အာဏာသိမ်း စစ်ခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေကို လေးစားဖို့နဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးကြဖို့ကို တိုက်တွန်းကြောင်း ပြောသွားပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese/

ကုလလူ့အခွင့်အရေးကကောင်စီအစည်းအဝေးမှာ နိုင်ငံအများစု စစ်အာဏာသိမ်းမှုကိုရှုတ်ချ ကုလလူ့အခွင့်အရေးကကောင်စီအစည်းအဝေးမှာ နိုင်ငံအများစု စစ်အာဏာသိမ်းမှုကိုရှုတ်ချ Reviewed by THITHTOOLWIN on 01:13 Rating: 5

No comments:

Powered by Blogger.