ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေး အာဏာသိမ်း စစ်အုပ်စုကို ကုလ လူ့အခွင့်အရေးကောင်စီ တောင်းဆို


မနေ့ သောကြာနေ့က ကျင်းပတဲ့ မြန်မာ့ အရေးကိစ္စ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူး အစည်းအဝေးက မြန်မာနိုင်ငံမှာ အရပ်သား အုပ်ချုပ်ရေး အမြန်ဆုံး ပြန်လည် တည်ဆောက်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက် ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ကုလသမဂ္ဂ အဖွဲ့ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးက မြန်မာနိုင်ငံအတွင်း ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်း ခံနေရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ရွေးကောက်ခံ အစိုးရ ပြန်လည်ဖွဲ့စည်းဖို့တောင်းဆိုတဲ့ဆုံးဖြတ်ချက်ကိုမဲမခွဲ ရဘဲ အခုလို အတည်ပြု ချမှတ်လိုက်ပါတယ်။

ဆုံးဖြတ်ချက် ချမှတ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဌ Nazhat Shameem Khan က အတည်ပြု ကြေညာလိုက်တာပါ။

အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်တဲ့ ကုလလူ့အခွင့်အရေးကောင်စီမှာ ကန့်ကွက်မဲ မရှိဘဲ ချမှတ်လိုက်တဲ့ အဲဒီ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကုလစင်မြင့်မှာ မြန်မာနိုင်ငံကို အစဉ်အစိုက် ထောက်ခံတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဆုံးဖြတ်ချက်ထဲ မပါဝင်ဘဲ dissociate လုပ်ခဲ့ပါတယ်။

ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တဲ့ ဗြိတိန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ကတော့ ကုလ လူ့အခွင့်အရေးကောင်စီက မြန်မာပြည်သူလူထု နဲ့တသားတည်းရှိတယ်လို့ ပြောပါတယ်။

“အလုံးစုံသော လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန် ရှိတာကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ကျင့်သုံးတောင်းဆိုနေတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ ကျွန်တော်တို့ အတူ ရပ်တည်ပါတယ်” လို့ ဗြိတိန် သံအမတ်ကြီး Julian Braithwaite က ပြောပါတယ်။

ပုံမှန် သိပ်ကျင်းပလေ့ မရှိတဲ့ အဲဒီ ကုလ လူ့အခွင့်အရေး ကောင်စီ အထူး အစည်းအဝေးကို တင်သွင်းတဲ့ ဆုံးဖြတ်ချက်ကို ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က ဦးဆောင် တင်သွင်းခဲ့တာပါ။ မူရင်းစာသားမှာ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက မြန်မာ့အခြေအနေကို အနီး ကပ် စောင့်ကြည့်ဖို့နဲ့ မြန်မာစစ်တပ်ကို ကန့်သတ်တားမြစ်နိုင်ဖို့ အချက်တွေကို ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အချက်တွေကို ဖြုတ်ချပေး ပြီးမှ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခဲ့တာပါ။

ကန့်ကွက်သူ မရှိဘဲ ဆုံးဖြတ်ချက်ချအပြီးမှာတော့ တရုတ် သံအမတ်ကြီး Chen Xu က ဆုံးဖြတ်ချက် မူကြမ်းတင်သွင်းသူတွေကို ကျေးဇူးတင် စကားပြောကြားခဲ့ပေမယ့် တရုတ်နိုင်ငံက ဒီ ဆုံးဖြတ်ချက်ထဲ မပါဝင်ဘူးလို့ ပြောပါတယ်။ ရုရှား၊ ဗင်နီဇွဲလား၊ ဘိုလစ်ဗီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း တရုတ်နိုင်ငံလို့ဘဲ ဆုံးဖြတ်ချက်ထဲ မပါဝင်ဘဲ dissociate လုပ်ခဲ့တာပါ။

နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ကိုယ်စားလှယ် မြန်မာ သံအမတ်ကြီးကလည်း အခုလို ပြောပါတယ်။

“ဒီလို ဆုံးဖြတ်ချက်မျိုးက လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ဆုံးဖြတ်ချက်ထဲ မပါဝင် dissociate လုပ်ကြောင်း”ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ဦးမြင့်သူက ပြောသွားတာပါ။

အခုဆုံးဖြတ်ချက်အရ လူ့အခွင့်အရေးကောင်စီ အနေနဲ့ ဒဏ်ခတ် အရေးယူနိုင်တဲ့အခွင့်အာဏာမရှိပေမယ့်မြန်မာနိုင်ငံအတွင်းအင်အား သုံး အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို အတည်ပြု ထောက်ခံ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/un-resolution-on-the-arrested-leader-release-/5776400.html

ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေး အာဏာသိမ်း စစ်အုပ်စုကို ကုလ လူ့အခွင့်အရေးကောင်စီ တောင်းဆို ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေး အာဏာသိမ်း စစ်အုပ်စုကို ကုလ လူ့အခွင့်အရေးကောင်စီ တောင်းဆို Reviewed by THITHTOOLWIN on 05:07 Rating: 5

No comments:

Powered by Blogger.