ကိုဗစ်ကူးစက်မှု တိုးလာလို့ UWSA ဌာနချုပ်ကို အဝင်အထွက်ပိတ်မည်

ကိုဗစ်ကူးစက်မှု တိုးလာလို့ UWSA ဌာနချုပ်ကို အဝင်အထွက်ပိတ်မည် UWSA ရုံးစိုက်ရာ ပန်ဆန်းမြို့မှာ ၂ဝ၂ဝ ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရတဲ့ "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်က တပ်သားများ။  /Photo: RFA

တရုတ်နိုင်ငံနယ်စပ် ''ဝ'' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရတဲ့သူ ၁၅၃ ယောက်ရှိသွားပြီလို့ ''ဝ''ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

ဒါကြောင့် မနက်ဖြန် ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရုံးစိုက်ရာ ပန်ခမ်းမြို့ကို အဝင်အထွက်ပိတ်တဲ့ Lock down လုပ်မယ်လို့ UWSA ပြောခွင့်ရ ဦးညီရမ်းက RFA ကို ဒီကနေ့ ညပိုင်းမှာ ပြောပါတယ်။ အဝင်အထွက်ပိတ်ပြီး တစ်မြို့လုံးကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ဖို့ နှာခါင်း၊အာခေါင် တို့ပတ်တွေယူပြီး စစ်ဆေးမယ်လို့လည်း ဆိုပါတယ်။

မြို့ကို အဝင်အထွက်ပိတ်တဲ့ Lock down ဟာ ဘယ်လောက်ကြာမယ် ဆိုတာကိုတော့ မပြောနိုင်သေးဘဲ နှာခါင်း၊ အာခေါင် တို့ပတ်တွေယူပြီး အဖြေသိရတော့မှ မြို့ကို ပြန်ဖွင့်ပေးသွားမယ်လို့ ဦးညီရမ်းက ပြောပါတယ်။

"ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ရုံးစိုက်တဲ့ ပန်ခမ်းမြို့မှာ ရောဂါကူးစက်ခံရတဲ့သူ ၃၅ ယောက်ရှိပြီးတော့ မိုင်းပေါက်မြို့မှာ ၁၀၃ ယောက် ရှိပါတယ်။ ကိုဗစ်ကြောင့် သေဆုံးသူနဲ့ ရောဂါသက်သာပြီး ဆေးရုံက ဆင်းခွင့်ရတဲ့သူတော့ တစ်ယောက်မှ မရှိသေးပါဘူး။ ရောဂါကူးစက်ခံရတဲ့ အရေအတွက်ဟာ ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်း ဒီဇင်ဘာလထဲမှာ သိသိသာသာ ထိုးတက်လာနေတာ ဖြစ်ပါတယ်။

''ဝ" ပြည်နယ်ထဲမှာ နေထိုင်တဲ့ တရုတ်နိုင်ငံသားအများစုမှာ ရောဂါပိုးတွေ့ရှိတာဖြစ်သလို တရုတ်နိုင်ငံဘက်ကပြန်လာတဲ့ မြန်မာနိုင်ငံသားတွေမှာလည်း ရောဂါပိုးတွေ့ရှိတာဖြစ်တယ်လို့ ''ဝ''ပြည်နယ် ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံထဲမှာရှိတဲ့ ''ဝ'' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ကိုယ်ပိုင်အစိုးရအဖွဲ့ ဖွဲ့ပြီး၊ တရားစီရင်ရေးကိုလည်း ကိုယ်ပိုင်လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ ဆောင်ရွက်တဲ့ ဒေသပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အင်အား အတောင့်တင်းဆုံးဖြစ်တဲ့ "ဝ" ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA လည်းရှိသလို ထိန်းချုပ်နယ်မြေ ပန်ခမ်းမြို့မှာလည်း စစ်ပညာသင်ကြားပေးတဲ့ ကိုယ်ပိုင်ဗိုလ်လောင်း သင်တန်းကျောင်း ရှိပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာလထဲမှာ တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) စာချုပ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ကလည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ ရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် ဦးဆောင်တဲ့အဖွဲ့ဟာ "ဝ"ပြည်နယ် ပန်ခမ်းမြို့ကို သွားရောက်ပြီး covid -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းများကို ပေးအပ်ခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/uwsa-headquarter-lockdown-due-to-covid-19-cases-rise-01052021104240.html

ကိုဗစ်ကူးစက်မှု တိုးလာလို့ UWSA ဌာနချုပ်ကို အဝင်အထွက်ပိတ်မည်  ကိုဗစ်ကူးစက်မှု တိုးလာလို့ UWSA ဌာနချုပ်ကို အဝင်အထွက်ပိတ်မည် Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.