အမေရိကန် ကွန်ဂရက်လွှတ်တော်ထဲကို လူအုပ်ကြီး ဝင်ရောက်စီးနင်းအောင် လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သမ္မတ Donald Trump ကို လွှတ်တော်ကနေ အရေးယူဖို့ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။ သမ္မတကို တရားစွဲဆိုမှုကို တနင်္လာနေ့ အစောဆုံးထားပြီး စတင်လုပ်ဆောင်မယ်လို့ အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက စနေနေ့က ပြောဆိုခဲ့ကြပါတယ်။
သမ္မတကို တရားစွဲဆိုရေး စွဲချက်တွေကို အောက်လွှတ်တော်အမတ်ပေါင်း ၁၈၀ က ပူးတွဲအဆိုပြု တင်သွင်းမယ်လို့ အဲဒီစွဲချက်တွေကို ပြင်ဆင်ရေးသားရာမှာ ပါဝင်သူ ကယ်လီဖိုးနီးယားပြည်နယ်က အောက်လွှတ်တော်အမတ် Ted Lieu က ပြောပါတယ်။ အဲဒီအထဲ ရီပတ်ဘလီကန်အမတ်တော့ တဦးတယောက်မှ ပါဝင်ခြင်း မရှိပါဘူး။
အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ လုပ်ဖော်ကိုင်ဘက် အမတ်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့မတိုင်ခင် သမ္မတကို ရာထူးကဖယ်ရှားဖို့ လိုလားနေတာပါ။ ဒါပေမယ့် လက်ရှိ ရီပတ်ဘလီကန်တွေ ကြီးစိုးထားတဲ့ အထက်လွှတ်တော်ရဲ့ ထောက်ခံမှုကိုတော့ ရနိုင်ဖွယ်မရှိပါဘူး။
သမ္မတ Trump ကို သူ့ရဲ့သက်တမ်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် အောက်လွှတ်တော်က တရားစွဲဆိုမယ်ဆိုရင် အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးမှု ဆက်လက်လုပ်ဆာင်ရမှာ ဖြစ်ပါတယ်။
အရင်တခေါက် သမ္မတအပေါ် တရားစွဲဆိုတုန်းကတော့ သမ္မတ အပြစ်ကင်းလွတ်ကြောင်း အထက်လွှတ်တော်က ဆုံးဖြတ်ခဲ့ဖူးပါတယ်။ အခုတကြိမ်မှာလည်း ဇန်နဝါရီလ ၁၉ ရက်နေ့အထိ အထက်လွှတ်တော်ကို ရပ်နားထားတာကြောင့် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမယ့်ရက် မတိုင်မီအထိ ကြားနာစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် ဒုတိယသမ္မတ Mike Pence အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် ၂၅ ကို အသုံးပြုပြီး သမ္မတကို ရာထူးကဖြုတ်ချဖို့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။
သမ္မတ Trump ကို ရာထူးကနေ ဖယ်ရှားရေး ဒါမှမဟုတ် သူ့ရဲ့ အနာဂတ်နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုတွေ ကန့်သတ်နိုင်ဖို့အရေး ဒီမိုကရက်အမတ် တော်တော်များများနဲ့အတူ ရီပတ်ဘလီကန်အမတ် တချို့က ထောက်ခံတွေမှု ပေးထားကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment