အင်ဒိုနီးရှား Sriwijaya Air ခရီးသည်တင်လေယာဉ်က သေတ္တာနက်တွေရဲ့ နေရာကို ရှာတွေ့ပြီ

ပျောက်ဆုံးနေတဲ့ လေယာဉ်ကိုယ်ထည်က အစိတ်အပိုင်းလို့ ယူဆရတဲ့ အရာကို ရှာဖွေတွေ့ထား

စနေနေ့က မြို့တော်ဂျာကာတာလေဆိပ်ကနေ ပျံတက်သွားပြီး မကြာခင်မှာ ပင်လယ်ထဲကို ပျက်ကျသွားတဲ့ ခရီးသည်တင် ဘိုးအင်း ၇၃၇ လေယာဉ်ရဲ့ သေတ္တာနက် (Black Box) တွေရှိရာ နေရာကိုတွေ့ထားပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေကပြောပါတယ်။

အဲဒီနေရာတဝိုက်ကို သင်္ဘောတွေနဲ့ ရှာနေပြီး ရေတပ်ရေငုပ်သမားတွေက အဲဒီ သေတ္တာနက် ၂ လုံးကို ပြန်ရဖို့ ကြိုးစားနေတယ်လို့ သူတို့က ဆိုပါတယ်။

လေယာဉ်အစိတ်အပိုင်းတွေနဲ့ လူ့ကိုယ်ခန္ဓာအပိုင်းအစတွေကိုလည်း ရှာတွေ့ထားပါတယ်။

လူပေါင်း ၆၂ ယောက်ကို သယ်ဆောင်ကာ ဘော်နီယိုကျွန်းက ပွန်တီယာနက်မြို့ကို ဦးတည်ပျံသန်းမယ့်လေယာဉ်ဟာ ဝေဟင်ခရီးစလို့ ၄ မိနစ်အတွင်းမှာပဲ ရေဒါကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

"ကျွန်တော်တို့ ဘလက်ဘောက်စ် တွေရဲ့နေရာကို သိပါပြီ၊ ၂ ခုစလုံးရဲ့ နေရာပါ"လို့ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး လုံခြုံရေးကော်မီတီက အကြီးအကဲ ဆိုဂျန်တို ဂျာဂျိုနိုက အေဖက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

"ရေငုပ်သမားတွေက အဲဒါတွေကို ရှာနေကြပါပြီ၊ ဒါတွေကို ကျွန်တော်တို့ရဖို့ သိပ်ကြာမယ်မထင်ပါဘူး။"

စုံစမ်းစစ်ဆေးနေတဲ့သူတွေဟာ ဘီး တစ်လုံးနဲ့ လေယာဉ်ကိုယ်ထည်အပိုင်းအစလို့ သူတို့ယူဆနေတဲ့ အပိုင်းအစတွေအပါအဝင် လေယာဉ်ပျက်ကနေ ထွက်လာတာလို့ သူတို့ယူဆကြတဲ့ အရာတွေကို စစ်ဆေးသုံးသပ်နေကြပါတယ်။

ဘီဘီစီရဲ့ အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက် ဂျိုနသန် ဟက်ဒ်က အဲဒီ ဒေသရဲ့ ပင်လယ်က သိပ်မနက်ဘူး၊ ရာသီဥတုဆိုးရွားတာကြောင့် ဆိုင်းငံ့ခဲ့ရတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကလည်း အခုပြန်ပြီးကောင်းလာပြီ၊ ဒါကြောင့် အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ပြန်တွေ့ဖို့ ပိုအခြေအနေကောင်းလာပါပြီလို့ ပြောပါတယ်။

ရေတပ်က ရေငုပ်ကျွမ်းကျင်သူတွေ ပါဝင်တဲ့ သင်္ဘော ၁၀ စီး ကျော်ကို အဲဒီနေရာ တဝိုက်မှာ နေရာချထားပါတယ်။

ဒါပေမဲ့အသက်ရှင်ကျန်ရစ်သူတွေတွေ့နိုင်မလားဆိုတဲ့ မျှော်လင့်ချက်ကတော့ မရှိသလောက်ပါပဲ။

ပျောက်ဆုံးနေတဲ့ Sriwijaya Air လေယာဉ်ကလို့ ယူဆနိုင်တဲ့ အပျက်အစီး အပိုင်းအစတွေ

ဂျကာတာ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရ ယူဆရီ ယူနွတ်က ရှာဖွေရေးနဲ့ကယ်ဆယ်ရေးဌာန ဆီကနေ အိတ် ၂ လုံး ရရှိထားတယ်လို့ ပြောပါတယ်။

"ပထမအိတ်ထဲမှာ ခရီးသည်တွေရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေပါပြီး၊ နောက်အိတ်မှာတော့ လူ့ကိုယ်ခန္ဓာအပိုင်းအစတွေပါပါတယ်" လို့ သူက သတင်းထောက်တွေကို ပြောပြီး "အဲဒီအရာတွေက ဘာတွေပါလဲ ဆိုတာကို ကျွန်တော်တို့ လေ့လာ နေပါတယ်"လို့လည်း ဆိုပါတယ်။

ပျောက်ဆုံးသွားတဲ့ လေယာဉ်ကလို့ ယူဆနိုင်တဲ့ အရာတွေကို စုံစမ်း  စစ်ဆေးရေး အရာရှိတွေက လေ့လာနေ

ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စနေနေ့ညက ရပ်ဆိုင်းခဲ့ရပြီး တနင်္ဂနွေ မနက်မှာ ပြန်စတင်ခဲ့ပါတယ်။ ရှာဖွေရေးအတွက် ကူညီဖို့ လေယာဉ် ၄ စီးကိုလည်း တာဝန်ပေးထားပါတယ်။

လေယာဉ်ပျက်ကျသွားမယ့် နေရာလို့ ယူဆတဲ့ ဧရိယာတဝိုက်မှာလည်း ရေငုပ်သမားတွေကို ချထားရှာဖွေ

ပျက်ကျမှု ၂ ခုဖြစ်ခဲ့တဲ့ နောက် ၂၀၁၉ မတ်လပိုင်းတုန်းက ပျံသန်းခွင့်မပေးဘဲ မြေပြင်မှာ ရပ်နားထားရတဲ့ ဘိုင်းရင်း ၇၃၇ မက်စ် အမျိုးအစားနဲ့ အခုပျက်ကျသွားတဲ့ လေယာဉ် အမျိုးအစားမတူပါဘူး။

လေယာဉ်က ဘာဖြစ်ခဲ့သလဲ

ဒီ Sriwijaya Airလေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်ဟာ စနေနေ့ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၃၆ မိနစ်မှာ ဂျာကာတာလေဆိပ်က စတင်ပျံသန်းထွက်ခဲ့ပါတယ်။

မိနစ်ပိုင်းအကြာ နေ့လယ် ၂ နာရီ ၄၀ မိနစ်အချိန်မှာ လေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်၊ လေကြောင်းခရီးစဉ် SJY182 ကနေ အဲဒီအချိန်မှာ နောက်ဆုံး အချက်ပြမှုရှိခဲ့တယ်လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ခရီးစဉ် ဦးတည်ရာ ဘောနီယိုကျွန်းအနောက်ပိုင်းက ပွန်တီယာနက်မြို့ကို ပျံသန်းတဲ့ ပုံမှန်ပျံသန်းချိန်က မိနစ် ၉၀ ပါ။

လေယာဉ်ဟာ သူတို့ အန္တရာယ်ကြုံနေရပြီဆိုတဲ့ အချက်ပြဆက်သွယ်ချက်မရှိခဲ့ဘူးလို့ ရှာဖွေရေးနဲ့ ကယ်တင်ရေးဌာန အကြီးအကဲ ဘဂတ်စ် ပုရုဟီတိုက ပြောပါတယ်။

လေကြောင်းခရီးစဉ်ပျံသန်းမှုတွေကို လိုက်လံမှတ်တမ်းတင်တဲ့ Flightradar24.comရဲ့ အဆိုအရ တစ်မိနစ်လောက် မကြာတဲ့အချိန်လေးအတွင်းမှာပဲ လေယာဉ်ဟာ ပေပေါင်း ၁၀,၀၀၀ ကျော်လောက် ထိုးဆင်းကျခဲ့ပုံရတယ်လို့ ဆိုပါတယ်။

မျက်မြင်သက်သေတွေကလည်း သူတို့ ပေါက်ကွဲတာ တစ်ခုကို ကြားခဲ့၊ မြင်ခဲ့တယ်လို့ ပြောပါတယ်။

မြေပုံ

လေယာဉ်ပေါ်မှာ ဘယ်သူတွေပါလဲ

လေယာဉ်က လူပေါင်း ၁၃၀ လောက် တင်ဆောင်နိုင်တဲ့ လေယာဉ်ဖြစ်ပြီး အခု လေယာဉ်ပေါ်မှာ ခရီးသည် အယောက် ၅၀ ပါသွားတယ်လို့ ယူဆကြပါတယ်၊ အဲဒီထဲမှာ ကလေး ၇ ယောက် နဲ့ ရင်ခွင်ပိုက်အရွယ် မွေးကင်းစ ကလေး ၃ ယောက်ပါပါတယ်။ လေယာဉ် ဝန်ထမ်း စုစုပေါင်း ၁၂ ယောက်လည်းပါဝင်ပါတယ်။ အားလုံးဟာ အင်ဒိုနီးရှားနိုင်ငံသားတွေလို့ အာဏာပိုင်တွေက ပြောပါတယ်။

ပွန်တီယာနက်မြို့ကလေဆိပ်နဲ့ ဂျာကာတာ က ဆူကာနို ဟက်တာ နိုင်ငံတကာလေဆိပ်မှာ ခရီးသည်တွေရဲ့ မိသားစု ဆွေမျိုးတွေဟာ စိုးရိမ်ပူပန်စွာနဲ့ ဝင်လာမယ့် သတင်းတွေကို စောင့်ဆိုင်းနေကြပါတယ်။

ပွန်တီယာနက် လေဆိပ်မှာ မိသားစုဝင် ဆွေမျိုးတွေ ရောက်လာမယ့် သတင်းတွေကို စောင့်ဆိုင်းနေကြစဉ်

"ကျွန်တော့်မိသားစု ၄ ယောက် လေယာဉ်ပေါ်မှာပါသွားတယ်၊ ကျွန်တော့ ဇနီးနဲ့ ကျွန်တော့် ကလေး ၃ ယောက်ပါ" လို့ မျက်ရည်တွေနဲ့ ယာမန် ဇာအီက သတင်းထောက်တွေကို ပြောပါတယ်။

"ကျွန်တော့် ဇနီးက မွေးကင်းစ ကလေးရဲ့ ဓာတ်ပုံကို ပို့ခဲ့ပါတယ်၊ ကျွန်တော့်ရင်ကွဲပက်လက် မဖြစ်ဘဲ နေနိုင်မလားဗျာ။"

လေယာဉ်နဲ့ ပတ်သက်ပြီး ဘာတွေ သိထားလဲ

လေယာဉ်မှတ်ပုံတင် စာရင်းတွေအရ ဒီလေယာဉ်ဟာ သက်တမ်း ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဘိုးအင်း ၇၃၇ - ၅၀၀ အမျိုးအစား လေယာဉ်လို့ သိရပါတယ်။

လေယာဉ်က အခြေအနေကောင်းတဲ့ အနေအထားမှာရှိတယ်လို့ Sriwijaya Airကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဂျက်ဖာဆန် အာဝင် ဂျုဝီနာက သတင်းထောက်တွေကို ပြောပါတယ်။ လေယာဉ် ပျံမတက်ခင်က မိုးကြီးနေတာကြောင့် ခရီးစဉ်ကို မိနစ် ၃၀ ရွှေ့ဆိုင်းခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

Sriwijaya Air ကုမ္ပဏီဟာ ၂၀၀၃ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံတွင်းနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို ပျံသန်းပေးနေတဲ့ စရိတ်နည်းလေကြောင်းလိုင်း တစ်ခုဖြစ်ပါတယ်။

ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ရေဒါကနေ ပျောက်ကွယ်ခဲ့တဲ့ Sriwijaya Air လေယာဉ် (မှတ်တမ်း ဓာတ်ပုံ)

အခုလေယာဉ်ပျောက်ဆုံးရာနေရာဟာ မြို့တော် ဂျာကာတာရဲ့ မြောက်ဘက် ၁၂ မိုင်အကွာလောက်မှာ ရှိပြီး ၂၀၁၈ အောက်တိုဘာတုန်းက ဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျတဲ့ နေရာနဲ့ သိပ်မဝေးပါဘူး။

အဲဒီတုန်းက လူပေါင်း ၁၈၉ ယောက်ကို တင်ဆောင်ထားတဲ့ Indonesian Lion Airလေယာဉ် တစ်စီး ဂျာကာတာမြို့က ပျံတက်ပြီး ၁၂ မိနစ်အကြာလောက်မှာ ပင်လယ်ထဲကို ထိုးကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူအားလုံး သေဆုံးခဲ့ရပါတယ်။

ရာသီဥတုဆိုးရွားလို့ လေယာဉ်ပျက်ကျရတာလို့ အပြစ်ပုံကြပေမယ့် လေကြောင်းလိုင်းနဲ့ လေယာဉ်မှူးတွေရဲ့ အမှားတွေကြောင့်လည်း လေယာဉ် ပျက်ကျတာတွေရှိပါတယ်။

Lion Air လေကြောင်းလိုင်းက လေယာဉ်ပျက်ကျပြီးနောက်ပိုင်း ဘယ်လေကြောင်းလိုင်းတွေကို စေ့စေ့စပ်စပ် စစ်ဆေးခဲ့ကြသလဲ ဆိုတဲ့ အမေးတွေက အခုအဖြစ်အပျက်နောက်ပိုင်း ပေါ်လာလိမ့်မယ်လို့ ဂျာကာတာက ဘီဘီစီ သတင်းထောက် ဂျရိုမီ ဝိရာဝန်က ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55611142

အင်ဒိုနီးရှား Sriwijaya Air ခရီးသည်တင်လေယာဉ်က သေတ္တာနက်တွေရဲ့ နေရာကို ရှာတွေ့ပြီ  အင်ဒိုနီးရှား Sriwijaya Air ခရီးသည်တင်လေယာဉ်က သေတ္တာနက်တွေရဲ့ နေရာကို ရှာတွေ့ပြီ Reviewed by THITHTOOLWIN on 00:43 Rating: 5

No comments:

Powered by Blogger.