အခြေခံဥပဒေကို ကာကွယ်မယ်လို့ တပ်မတော်ပြော၊ NLD သဘောထားတုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Office

တပ်မတော်က အာဏာသိမ်းယူရေး အယူအဆ ရှိနေသလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ တပ်မတော်အနေနဲ့ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်မှာ ဖြစ်ကြောင်းနဲ့ ပြဋ္ဌာန်း ဥပဒေနဲ့အညီဆောင်ရွက်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တပ်ချုပ်က တပ်မတော်အရာရှိကြီးတွေကို ပြောခဲ့တဲ့ မိန့်ခွန်းမှာ အခြေခံ ဥပဒေကို လေးစားလိုက်နာမှု မရှိရင် ဖျက်ပစ်ရမယ်လို့ ပြောခဲ့ပြီးတဲ့နောက် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကနေ့ ဇန်နဝါရီ ၃၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီမိန့်ခွန်းမှာ ပြောကြားချက်ဟာ အခြေခံဥပဒေရဲ့ သဘောသဘာဝကို နားလည်သဘောပေါက်အောင် ဆွေးနွေးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီ ဇန်နဝါရီ ၂၇ ရက် မိန့်ခွန်းက ပြောကြားချက်ကို တချို့အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက တပ်မတော်က အခြေခံဥပဒေကို ဖျက်သိမ်းလိမ့်မယ်လို့ လိုရာဆွဲ ပြောဆိုရေးသားနေတယ်လို့လည်း ဆိုပါတယ်။

တပ်မတော်ရဲ့ အခုလို ကြေညာချက် မထွက်ခင် တစ်ရက်မှာတော့ ပြည်သူတွေ စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်းနဲ့ နိုင်ငံအကျိုး ရှေးရှုပြီး အစိုးရနဲ့ တပ်မတော်တို့ ညှိနှိုင်း အဖြေရှာပါလို့ သံဃာအကြီးအကဲတွေက ထုတ်ပြန်ချက်ကြေညာ မေတ္တာရပ်ခံခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ တပ်မတော်ရဲ့ တောင်းဆိုမှုတွေ မပြေမလည် ဖြစ်ခဲ့ပြီးနောက် အခုလို အခြေအနေတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ကရင်တိုင်းရင်းသား အစည်းအရုံး KNU ကလည်း ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ အားလုံးပါဝင်နိုင်တဲ့ အရေးပေါ် ဆွေနွေးပွဲ တစ်ရပ်ခေါ်ယူဖို့ တောင်းဆိုခဲ့ပါတယ်။

NLD ဘက်က တုံပြန်မှု

ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD က ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က "သူတို့က လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်တယ်လေ။ အကယ်၍ ဥပဒေကို အလေးမထားတော့ဘူးဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် အာဏာသိမ်းလို့ရပါတယ်။…လက်ရှိအခြေခံဥပဒေကို ဖျက်သိမ်းမှာ မဟုတ်ဘူး၊ ဥပဒေအတိုင်းပဲ ဆောင်ရွက်မယ်၊ ဆွေးနွေးညှိနှိုင်းမယ်ဆိုတာကတော့ ကြိုဆိုပါတယ် " လို့ ပြောပါတယ်။

"ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသလိုပဲ မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒနဲ့ ရလဒ်ကိုတော့ အပေးအယူ ညှိနှိုင်းလို့ မရပါဘူး။ ဥပဒေဘောင်ကျော်တဲ့ ကိစ္စတွေကိုတော့ လိုက်လျောလို့ မရပါဘူး"လို့ ဆိုပါတယ်။

"ဥပဒေအရဆိုရင် လွှတ်တော်ကို ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၉၀ မှာ ကျင်းပရမယ်။ မကျင်းပရင် ဒီ ရွေးကောက်ပွဲ ရလဒ်က ပျက်ပြယ်သွားမှာ။ အဲတော့ ဒါကို ကျော်လွန်ပြီး ဘယ်ဥပဒေ၊ ဘယ်အချက်အလက်အရ ရွှေ့ဆိုင်းနိုင်တယ်ဆိုတာကိုတော့ ပြောဖို့သင့်ပါတယ်။ တောင်းဆိုမှု သက်သက်ရှိတိုင်းတော့ ဥပဒေကို ကျော်လွန်ပြီး လိုက်လျောလို့ မရဘူးဆိုတာ ပြောထားပြီးပါပြီ" လို့ ပြောပါတယ်။

တင်းမာမှု ဖြေရှင်းရေး

တပ်မတော်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ကြောင့် တင်းမာတဲ့ အနေအထားကနေ လျော့ကျသွားတယ်လို့ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက မှတ်ယူခဲ့ကြပါတယ်။

KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက မတူကွဲပြားမှုတွေရှိတဲ့ လူ့အဖွဲ့အစည်းမှာ အာဏာ တစ်ခုတည်းနဲ့ဒီနိုင်ငံကို ထိန်းချုပ်လို့ မရဘူး၊ ရန်ဘက်အသွင် ဆန့်ကျင်ဘက် ဖြစ်နေတာတွေအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မလုပ်လို့ မရဘူး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နာကျင်မှုတွေကို ဝေမျှခံစား အသိအမှတ်ပြုပြီး ဘုံရည်မှန်းချက် ချပြီး သွားမှ နိုင်ငံ အနာဂတ် လှပမယ်လို့ ပြောပါတယ်။

နိုင်ငံရေးအကြပ်အတည်းလို့ ယူဆပြီး ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေအပေါ် သိက္ခာရှိရှိ ရပ်တည်ဖြေရှင်းဖို့ လိုတယ်လို့လည်း ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာခဲ့ကြတဲ့ အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ဖန်တီး အိမ်ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်လေးငယ်က ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Nikolay Listopadov က မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ချစ်စကိုရှည်စေ မုန်းစကိုတိုစေဆိုတဲ့အတိုင်းနဲ့ လက်ရှိ အခြေအနေကို ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ပါစေလို့ ဇန်နဝါရီ ၃၀ ရက်မှာ ဗီဒီယိုကနေတဆင့် မြန်မာဘာသာနဲ့ ပြောဆိုပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်ခဲ့ကြတဲ့ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း ၁၂ခုတို့ကလည်း ရွေးကောက်ပွဲ ကော်မရှင်မှာ အားနည်းချက်တွေရှိခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်တွေကတော့ မဲဆန္ဒရှင်အများစု သဘော ထားနဲ့ အညီရရှိထားတဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်လို့ ရလဒ်ကိုလက်ခံပြီး တပ်မတော်အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေကနိုင်ငံတည်ငြိမ်ရေးကို ထိန်းသိမ်းပြီး အာဏာလွှဲပြောင်းရေးလုပ်ငန်းချောမွေ့ရေးဝိုင်းဝန်း ဆောင်ရွက်ဖို့ မနေ့ကပဲ ထုတ်ပြန်တိုက်တွန်းထားပါတယ်။

အစိုးရကတော့ နေပြည်တော်မှာ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်အသစ်တွေနဲ့ ကျင်းပမယ့် လွှတ်တော်တွေကို ဖေဖော်ဝါရီ ၁ ရက်က စပြီး ကျင်းပဖို့ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/55872369

အခြေခံဥပဒေကို ကာကွယ်မယ်လို့ တပ်မတော်ပြော၊ NLD သဘောထားတုံ့ပြန်  အခြေခံဥပဒေကို ကာကွယ်မယ်လို့ တပ်မတော်ပြော၊ NLD သဘောထားတုံ့ပြန် Reviewed by THITHTOOLWIN on 23:58 Rating: 5

No comments:

Powered by Blogger.