ရွေးကောက်ပွဲရလဒ် ကန့်ကွက်မှုတွေနဲ့ ပတ်သက်လို့ NLD တုံ့ပြန်

NLD ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ နယ်မြေတချို့မှာ မဲမသမာမှုတွေနဲ့ မဲစာရင်းမှားယွင်းမှုတွေ ရှိတယ်ဆိုတဲ့ တပ်မတော်နဲ့ အတိုက်အခံပါတီတွေဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး NLD ပါတီဘက်က တုံ့ပြန်လိုက်ပါတယ်။

ဒီပြောကြားချက်တွေနဲ့ ပတ်သက်လို့ ဘာမှ ဝေဖန်စရာမရှိကြောင်း ဇန်နဝါရီလ ၂၄ ရက်က ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီးမှာ ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း တတိယအကြိမ် လွှတ်တော်ခေါ်ယူရေး ဆောင်ရွက်နေလို့ အခြားကိစ္စတွေကို ဝေဖန်ဖို့ မရှိဘူးလို့လည်း သူက ပြောပါတယ်။

ရွေးကောက်ပွဲအပြီး ကြံခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ရွေ‌ကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ ကော်မရှင်နဲ့ အစိုးရမှာ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပြီး နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် လွှတ်တော် အစိုးရနဲ့ ကော်မရှင်တို့က နည်းလမ်းရှာပြီး ဖြေရှင်းပေးဖို့လိုတယ်လို့ ဇန်နဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

NLD က တတိယအကြိမ် လွှတ်တော်ခေါ်ယူရေး ဆောင်ရွက်နေကြောင်းပြော

တပ်မတော်ဘက်က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတဲ့ နိုင်ငံရေး အကျပ်အတည်းဆိုတာနဲ့ ပတ်သက်လို့ ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုသည်ကို မသိကြောင်းနဲ့ NLD ဘက်က အမျိုးသားလွှတ်တော်ဥပဒေနဲ့ ပြည်သူလွှတ်တော်ဥပဒေတွေအရ ဆောင်ရွက်နေပါတယ်လို့ လည်းဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောပါတယ်။

‌အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပအပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်သစ်ကို ခေါ်ယူရမှာဖြစ်ပြီး ဒုတိယကြိမ် လွှတ်တော်သက်တမ်းဟာ ငါးနှစ်ဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်မှာလည်း ဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီအချို့က လက်ရှိ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၀၀ ကျော်က ပြီးခဲ့တဲ့ရက်ပိုင်းက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းဖို့ လက်ကျန် လွှတ်တော်သက်တမ်း အတွင်းမှာ အထူးအစည်းအဝေးခေါ်ဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ကျန်ရှိတဲ့ လွှတ်တော်သက်တမ်း အတွင်း အထူးအစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော်က ငြင်းဆိုခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ လွှတ်တော် အထူးအစည်းအဝေး ခေါ်ဖို့တောင်းဆိုမှုကို ငြင်းဆိုတဲ့ ထုတ်ပြန်ချက်ဟာ အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို မျက်ကွယ်ပြုတာလို့ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

တတိယအကြိမ်လွှတ်တော်ခေါ်ယူခြင်းကို ကြိုဆိုပြီး၊ နိုင်ငံတော်သမ္မတနဲ့ ရွေးကောက်ပွဲကော်မရှင်ကိုထောက်ခံကြောင်း ဇန်နဝါရီ(၂၄)ရက်နေ့က ရန်ကုန်မှာ ဆန္ဒထုတ်ဖော်

NLD ပါတီအနေနဲ့ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နေပြီး လောလောဆယ်မှာတော့ တတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပရေး ဆောင်ရွက်နေကြောင်းနဲ့ လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းပြီး ဖြစ်ကြောင်း အဲဒီအဖွဲ့မှာ NLD နဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်တယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တွေကို ရွေးချယ်ထားပြီးဖြစ်ကြောင်းနဲ့ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌကို တိုင်းရင်းသားတွေဖြစ်ပါစေလို့ မျှော်လင့်ထားတဲ့အကြောင်းလည်း NLD ပါတီအကြီးအကဲတွေက ပြောပါတယ်။

တတိယအကြိမ်လွှတ်တော်တက်မယ့် ကိုယ်စားလှယ်တွေဟာ နေပြည်တော်ကိုရောက်ရှိကာ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးနေပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးတွေကို ခေါ်ယူကျင်းပဖို့ ရှိနေပါတယ်။

တတိယအကြိမ် လွှတ်တော်အစည်းအဝေးတက်ရောက်ဖို့အတွက်ကြံခိုင်ရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေပါ လွှတ်တော်ကို လာရောက် သတင်းပို့ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55789290

ရွေးကောက်ပွဲရလဒ် ကန့်ကွက်မှုတွေနဲ့ ပတ်သက်လို့ NLD တုံ့ပြန်  ရွေးကောက်ပွဲရလဒ် ကန့်ကွက်မှုတွေနဲ့ ပတ်သက်လို့ NLD တုံ့ပြန် Reviewed by THITHTOOLWIN on 18:43 Rating: 5

No comments:

Powered by Blogger.