NLD ပါတီဝင်တွေကိုလွှတ်ပေးသလို အစိုးရအနေနဲ့ တုံ့လှည့်မေတ္တာထားဖို့ အေအေတောင်းဆို

စစ်တွေမြို့ကို ပြန်ရောက်လာတဲ့ အဲန်အယ်ဒီကိုယ်စားလှယ်တွေ

ရက္ခိုင့်တပ်တော် အေအေဘက်ကနေ နှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့မှာ ပြန်လည်လွှတ်ပေးခဲ့ပြီး တပ်မတော်ဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ အခုညနေပိုင်းမှာ အေအေက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးထားတဲ့ NLD ပါတီဝင်တွေကို လွှတ်ပေးသလို NLD အစိုးရလက်ထက်မှာ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေနဲ့ အခြေအနေအမျိုးမျိုးကြောင့် ဖမ်းဆီးခံနေရတဲ့ ရက္ခိုင့်တပ်တော်ရဲ့ တပ်ဖွဲ့ဝင် အားလုံးကိုလည်း NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကိုရှေးရှုပြီး အပြန်အလှန် တုံ့လှည့်မေတ္တာတရားတွေနဲ့ ပြန်လည်လွှတ်ပေးဖို့ ရခိုင်တစ်မျိုးသားလုံးက လိုလားကြောင်း အေအေထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အေအေအနေနဲ့ NLD ပါတီဝင်တွေဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့သုံးဦးကို စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးလိုအပ်ချက်တွေအရ အောက်တိုဘာလ ၁၄ ရက်နေ့က ခေါ်ယူထိန်းသိမ်းခဲ့ရတာဖြစ်ပြီး အဲ့ဒီ ကိုယ်စားလှယ်လောင်းသုံးဦးတို့ကို ဇန်နဝါရီ ၁ ရက်နေ့ နေ့လယ် ၂ နာရီ ၃၅ မိနစ်က ရခိုင်ပြည်နယ်အလယ်ပိုင်း မြေပုံမြို့နယ် မိကျောင်းတက် ကျေးရွာမှာ တပ်မတော်လက်ခံရေးအဖွဲ့ဆီကို ကောင်းမွန်စွာလွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေး

တပ်မတော်ရဲ့ထုတ်ပြန်ချက်

အခုလို အေအေက ဖမ်းထားသူတွေပြန်လွှတ်ပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ဒီကနေ့မှာပဲ ထုတ်ပြန်ချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ NLD ကိုယ်စားလှယ်လောင်းတွေအပြင် အေအေကဖမ်းဆီးထားတဲ့ တပ်မတော်သားသုံးဦးတို့ကိုလည်း ဒီကနေ့မနက်ပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့ပြီး ဒေသလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းအသီးသီးတို့ကို လွှဲပြောင်းပေးခဲ့တာဖြစ် တယ်လို့ တပ်မတော်ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုလို NLD ရဲ့ကိုယ်စားလှယ်လောင်းတွေ ပြန်လည်လွတ်မြောက်လာဖို့အတွက် တပ်မတော်နဲ့ အေအေတို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြရပြီး အဲ့ဒီဆွေးနွေးမှုရဲ့ ရလဒ်ဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေစလို့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြ ပြီး လက်ရှိမှာတော့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါရဲ့ ကနဦးညှိနှိုင်းပေးမှုကြောင့် အခုလိုအခြေအနေတွေကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အခုလို ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ကိုလည်း မစ္စတာဆာဆာကာဝါ က ကနဦး ညှိနှိုင်းမှုတွေ ပြုလုပ်ပေးခဲ့ကြောင်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဂျပန်အစိုးရရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ခြေ မရှိတဲ့အတွက် ချန်လှပ်ထားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လွှတ်ပေးဖို့လိုအပ်ကြောင်း အကြံပြုဆွေးနွေးခဲ့သလို တပ်မတော်အနေနဲ့လည်း ရွေးကောက်ပွဲ ကျင်းပဖို့ကိုလိုလားကြောင်းနဲ့ မကျင်းပဖြစ်ခြင်းဟာလည်း သက်ဆိုင်တဲ့အဖွဲ့အစည်းတွေရဲ့ သဘောထားသာဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လွတ်မြောက်လာကြသူများ

တိုင်းမှူးကတဆင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံကို လွှဲပြောင်းပေးခဲ့

ပြန်လွတ်လာကြတဲ့ NLD ပါတီဝင်တွေဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့သုံးဦးကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပြီး ဇန်နဝါရီ ၁ ရက် ညနေပိုင်းမှာတော့ စစ်တွေမြို့ ဗန္ဓုလ ရိပ်သာမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်လတ်ဦး ဦးဆောင်တဲ့အဖွဲ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု ထံကို ထပ်ဆင့် လွှဲပြောင်းပေးခဲ့ပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သုံးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့မှာ မဲဆွယ်စည်းရုံးရေးကိစ္စနဲ့ ဖောင်းခါးကျေးရွာကိုရောက်ရှိနေစဉ်မှာ အေအေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/55446677

NLD ပါတီဝင်တွေကိုလွှတ်ပေးသလို အစိုးရအနေနဲ့ တုံ့လှည့်မေတ္တာထားဖို့ အေအေတောင်းဆို  NLD ပါတီဝင်တွေကိုလွှတ်ပေးသလို အစိုးရအနေနဲ့ တုံ့လှည့်မေတ္တာထားဖို့ အေအေတောင်းဆို Reviewed by THITHTOOLWIN on 05:44 Rating: 5

No comments:

Powered by Blogger.