ကယားဒေသခံပါတီတွေ NLDနဲ့ တွေ့ဆုံဖို့ မသေချာ

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ကိုယ်စားလှယ်အဖွဲ့ဟာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ ရောက်ရှိနေပြီဖြစ်ပြီး မနက်ဖြန်မှာ ဒေသခံတိုင်းရင်းသား နှစ်ပါတီဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP)၊ ကယန်းအမျိုးသားပါတီ (KNP) က အနိုင်ရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ NLDပါတီ အဖွဲ့ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက RFA ကို ပြောပါတယ်။

ဒါပေမဲ့ ဒီဒေသခံ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေကတော့ ဒီကနေ့ညပိုင်းအထိ တွေ့ဆုံပွဲ ဖိတ်စာမရသလို NLD ဘက်က အကြောင်းကြားတာလည်း မရှိသေးဘူးလို့ RFA ကို ပြောကြပါတယ်။

ကယန်းအမျိုးသားပါတီ (KNP) ကနေ ဝင်ပြိုင်ပြီး ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အနိုင်ရခဲ့တဲ့ ခွန်းတင်နုက NLD ဘက်က ပါတီချင်း တွေ့တာမျိုး မဟုတ်ဘဲ အနိုင်ရ ကိုယ်စားလှယ်တစ်ယောက်တည်းနဲ့ပဲ တွေ့မယ်ဆိုရင်တော့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ RFA ကိုပြောပါတယ်။

"သူတို့တွေ့မယ် မတွေ့ဘူးဆိုတာ ကြိုတင်အကြောင်းကြားထားတာ မရှိဘူး၊ ကျနော်တို့ပါတီကတော့ အနိုင်ရကိုယ်စားလှယ်နဲ့ပဲ တွေ့မယ်ဆိုရင် တွေ့ဖို့မရှိပါဘူး၊ ပါတီကိုယ်စားလှယ်တွေ နာယကတွေနဲ့ တွေ့မယ်ဆိုရင်တော့ တွေ့ဖို့ရှိပါတယ်"

NLD ပါတီရုံးမှာ သွားတွေ့ရမယ်ဆိုရင် နိုင်ငံရေးသိက္ခာအရ သွားမတွေ့နိုင်သလို NLD ဘက်က ပါတီချင်းတွေ့မယ်ဆိုရင်တော့ အဓိက တောင်းဆိုချက် သုံးခု တောင်းဆိုဖို့ရှိတယ်လို့လည်း ခွန်းတင်နုကပြောပါတယ်။

"ပင်လုံ ကတိကဝတ်ရယ်၊ ဗိုလ်အောင်ကျော် စာချုပ်ရယ်၊ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးရဲ့ လုပ်ပိုင်ခွင့်ပိုရဖို့ တခြား ဝန်ကြီးတွေနည်းတူ ပြည်နယ်ဝန်ကြီး ဆိုလည်း ပြည်နယ်ဝန်ကြီးအလျှောက် လုပ်ပိုင်ခွင့် ပိုရနိုင်ဖို့ ဆွေးနွေးမယ်ဆိုပြီး ကျနော်တို့ပါတီတွင်း ဆွေးနွေးထားတာ ရှိပါတယ်"

ကယန်းအမျိုးသားပါတီ (KNP)ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၀ ယောက် ဝင်ပြိုင်တဲ့အထဲက ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ တစ်နေရာပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ကယားပြည်နယ်မှာ အင်အားကြီး တိုင်းရင်းသားပါတီကတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ဖြစ်ပါတယ်။ ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ရဲ့ ကိုယ်စားလှယ် ဦးဒီးဒီကလည်း အခုထိ သူ့ဆီကို အကြောင်းကြားစာ မရသေးဘူးလို့ ဆိုပါတယ်။

"ကျနော်တို့ မျှော်မှန်းတဲ့ နိုင်ငံရေးမျှော်မှန်းချက် အမျိုးသားရေး မျှော်မှန်းချက်၊ တိုင်းရင်းသား တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆွေးနွေးမှုမျိုး၊ ပူးပေါင်းမှုမျိုး လုပ်ဆောင်မှာပါ။ ဒါပေမဲ့ ပါတီတစ်ခုခုက ပါတီပုံရိပ်ရဖို့ နိုင်ငံရေး အမြတ်ထုတ်ဖို့ နိုင်ငံရေးကစားဖို့ ဆိုရင်တော့ ကျနော်တို့က စဉ်းစားရပါမယ်"

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ရဲ့ ကိုယ်စားလှယ် ဦးဒီးဒီကလည်း ပါတီအနေနဲ့ တွေ့တာမျိုးမဟုတ်ဘဲ အနိုင်ရကိုယ်စားလှယ် တစ်ဦးချင်းစီနဲ့ တွေ့မယ်ဆိုရင် တွေ့ဆုံဖို့ မရှိသလို NLD ပါတီရုံးလည်း မဟုတ်၊ KysDP ပါတီရုံးလည်း မဟုတ်တဲ့ တတိယနေရာမှာ တွေ့ချင်တယ်လို့ ဆိုပါတယ်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ (၃၄) နေရာ ဝင်ပြိုင်ပြီး (၈)နေရာ အနိုင်ရခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာအများဆုံး နိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံးခါးနော်ဆန်တို့ ဦးဆောင်ပြီး တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ကိုယ်စားလှယ်အဖွဲ့  ဖွဲ့ထားတာ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ ဇန်နဝါရီလအစောပိုင်းကလည်း ကချင်နဲ့ မွန်ပြည်နယ်တွေကို သွားရောက်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ကချင်ဒေသခံပါတီ အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနိုင်ခဲ့ပေမယ့် မွန်ပြည်နယ်မှာတော့ တွေ့ဆုံဖို့နေရာ ညှိနှိုင်းမှု အဆင်မပြေလို့ ဒေသခံပါတီတွေနဲ့ မတွေ့ဆုံနိုင်ခဲ့ပါဘူး။ အဲ့ဒီအဖွဲ့ဟာ ဒေသခံပါတီတွေနဲ့ တွေ့ဖို့မဟုတ်ဘဲ အနိုင်ရ ကိုယ်စားလှယ်တွေနဲ့သာ တွေ့ဆုံပြီး တွေ့ဆုံဆွေးနွေးချက်တွေကို NLD ဗဟိုထံ ပြန်တင်ပြရတာဖြစ်ပါတယ်။

NLD ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုကတော့ ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ပြည်နယ်ပါတီရုံးတွေမှာပဲ တွေ့ဆုံနိုင်မယ်လို့ တနင်္ဂနွေနေ့က RFA နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့  အစည်းအဝေးအရကို ပြည်နယ်အလုပ်မှုဆောင်အဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးရမယ်လို့ ညွှန်ကြားထား၊ ဆုံး ဖြတ်ထားတာ၊ ဒါကြောင့် ဒီပြည်နယ်တမျိုး၊ ဟိုပြည်နယ်တမျိုး မရဘူး၊ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ရုံးမှာပဲ တွေ့ရမယ်"

လက်ရှိအချိန်ဟာ ကပ်ရောဂါကာလ လူစုလူဝေးရှောင်ဖို့ လိုတာကြောင့် ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေနဲ့ပဲ သီးသန့်တွေ့ဆုံရတာလို့လည်း ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

"နိုင်ငံရေးပါတီတွေ ရွေးချယ်မခံရတာ အများကြီးရှိတယ်။ အားလုံးကိုတွေ့ဖို့ဆိုတာ ကိုဗစ်ကာလမှာ အကန့်အသတ်ရှိတယ်။ တိုင်းရင်းသားတွေ ဆွေးနွေးတဲ့ ကိစ္စတွေမှာလည်း နိုင်ငံတော်အဆင့် ဖြေရှင်းရမယ့် ကိစ္စတွေပါတော့ လောလောဆယ်မှာ ရွေးကောက်ခံရသူတွေကိုပဲ ကျနော်တို့တွေ့တယ်"

ကယားပြည်နယ်က ဒေသခံပါတီတွေနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ကာယကံရှင်ပါတီတွေက ဖိတ်ကြားစာမရသေးတာ မသိရှိသေးတာတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ဒေါက်တာအောင်မိုးညိုကို ဒီကနေ့ ညပိုင်းမှာ RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ တိုင်းရင်းသား ပါတီတွေရဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ့် NLD ကိုယ်စားလှယ်အဖွဲ့ဟာ ကယားပြည်နယ်ပြီးရင် ရှမ်းပြည်နယ်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kayah-ethnics-parties-and-nld-might-meet-in-loikaw-01112021113803.html

ကယားဒေသခံပါတီတွေ NLDနဲ့ တွေ့ဆုံဖို့ မသေချာ  ကယားဒေသခံပါတီတွေ NLDနဲ့ တွေ့ဆုံဖို့ မသေချာ Reviewed by THITHTOOLWIN on 09:41 Rating: 5

No comments:

Powered by Blogger.