ဗီဇပြောင်း ကိုဗစ်ကူးစက်မှု မြင့်မားလာနေတဲ့ Los Angeles

COVID-19 ကာကွယ်ဆေးထိုးပေးတဲ့ Los Angeles က Dodger Stadium အနီး လာရောက်ကြည့်ရှုနေသူနှစ်ဦး။ (ဇန်နဝါရီ ၁၅၊ ၂၀၂၁)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles ခရိုင်ဟာ နိုင်ငံတွင်း COVID-19 ဖြစ်ပွားသူ အရေအတွက် ၁ သန်းကျော်ကို ရောက်သွားတဲ့ ပထမဆုံးခရိုင် ဖြစ်ပါတယ်။ ဗြိတိန်မှာစဖြစ်တဲ့ ကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်လည်း Los Angeles မှာ ဖြစ်နေကြောင်း ခရိုင်ရဲ့ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောဆိုထားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Los Angeles ကောင်တီဟာ တနင်္ဂနွေနေ့မှာ COVID-19 ဖြစ်ပွားသူ ၁ သန်းထိ စံချိန်တင် ရောက်ရှိခဲ့တာပါ။ ဗြိတိန်က ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရိုင်တွင်းမှာ အခက်အခဲတွေ့နေကြောင်း၊ လူပေါင်း ၇,၅၀၀ ကျော် ဆေးရုံတင်ထားရတာနဲ့အတူ Los Angeles ခရိုင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အခက်တွေ့နေကြောင်း ခရိုင်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Barbara Ferrer က ကြေညာချက်ထုတ် ပြောဆိုခဲ့တာပါ။

Los Angeles ခရိုင်မှာ ပြီးခဲ့တဲ့ နွေရာသီအတွင်း COVID-19 ကြောင့် ဆေးရုံတင်ရမှုနဲ့ သေဆုံးမှုထက် အခု ၅ ဆလောက် ပိုများနေတာနဲ့ ကြုံနေရတယ်လို့လည်း ဒေါက်တာ Ferrer က ပြောပါတယ်။ COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းတွေ အရှိန်မြှင့်ဖို့ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး Gavin Newsom က ပြီးခဲ့တဲ့ သောကြာနေ့က Los Angeles မှာရှိတဲ့ Dodger Stadium မှာ အခုလို ပြောဆိုခဲ့ပါတယ်။

“ကာကွယ်ဆေးတွေကို အအေးခန်းထဲကထုတ်ပြီး လူတွေကို ထိုးပေးဖို့ လိုအပ်နေတာပါ။”

COVID-19 ကာကွယ်ရေး စည်းမျဉ်းတွေကိုလည်း ဆက်လက် လိုက်နာကြဖို့လည်း အုပ်ချုပ်ရေးမှူးက တိုက်တွန်းသွားပါတယ်။

Los Angeles က Dodger Stadium မှာလည်း အခု COVID-19 ကာကွယ်ဆေးထိုးပေးတဲ့ နေရာအဖြစ် အသုံးပြုနေပြီး တရက်ကို လူ ၁၀,၀၀၀ ထိ ထိုးပေးနိုင်ပါတယ်။ Los Angeles မှာ COVID-19 ဖြစ်မှု တိုးလာချိန် နေထိုင်သွားလာမှု ဂရုစိုက်နေကြရတဲ့အကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ် Los Angeles UCLA က မြန်မာကျောင်းသားများအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ကိုစွမ်းရဲထွဋ်ကလည်း ပြောပြပါတယ်။

ကိုစွမ်းရဲထွဋ် - “LA မှာနေတော့ လူတွေလည်းများတော့၊ ပြီးတော့ ကျောင်းသားတွေများတဲ့ ရပ်ကွက်ဆိုတော့ စိုးရိမ်စရာတွေတော့ ရှိတာပေါ့။ Situation ကြောင့်မို့လေ။ ဒါပေမယ့် ဒီမှာ ကျနော်နဲ့နေတဲ့ သူငယ်ချင်းတွေက ကိုဗစ်အကြောင်းကို စကားအများကြီး ပြောပြီးတော့ သူငယ်ချင်းနဲ့ တွေ့တာကို လျှော့၊ ပြီးတော့ အပြင်တွေ ဘာတွေ မသွားတာမျိုး အဲဒါမျိုး၊ သိပ်တော့ စိတ်မပူဘူးဗျ။”

မသိင်္ဂီထိုက် - အခုလောလောဆယ် ကျောင်းလည်း မတက်ရဘူး၊ အပြင် Apartment မှာပဲ နေနေကြရတယ်ဆိုတော့ ကျောင်းစာတွေ ဘယ်လို ဆက်လုပ်နေကြပါလဲ။

ကိုစွမ်းရဲထွဋ် - “ကျနော်တို့က တခြားကျောင်းသားတွေလိုမျိုး၊ အမေရိကားမှာတက်တဲ့ တခြားနိုင်ငံတွေက ကျောင်းသားတွေလိုမျိုး အွန်လိုင်းကနေပဲ ဆက်တက်နေရတယ်။ ကျနော်တို့ရဲ့ Apartment အခန်းတွေထဲမှာ ကွန်ပျူတာနဲ့ Zoom တွေပေါ်မှာ အခန်းတက်နေရတယ်။ စာတွေဆိုလည်း အွန်လိုင်းမှာ စာလုပ်တာတို့၊ စာသင်တာတို့၊ စာမေးပွဲဖြေတာ အကုန်လုံး Remote Learning ဖြစ်နေတယ်ဗျ။ မြန်မာပြည်မှာရှိနေတဲ့ UCLA ကျောင်းသားတွေကလည်း အွန်လိုင်းကနေ တက်နေရတယ်။”

မသိင်္ဂီထိုက် - ဒီကျောင်းသားတွေ အားလုံးက အမေရိကားမှာနေတဲ့ ကျောင်းသားတွေလား၊ ဒါမှမဟုတ် ဗမာပြည်ကလာတဲ့သူတွေရော ပါပါသလား။

ကိုစွမ်းရဲထွဋ် - “တော်တော်များများက ဗမာပြည်က အင်တာနေရှင်နယ် ကျောင်းတွေက လာတဲ့လူတွေများတယ်။ အမေရိကားမှာမွေးတဲ့ ဒါမှမဟုတ် အမေရိကားမှာ ကြီးလာတဲ့ ကျနော့်လိုမျိုး ဗမာလူငယ်တွေက နည်းနည်းတော့ ပိုနည်းတယ်။ ဆိုတော့ ကျနော်တို့အဖွဲ့အစည်းက အပိုအခက်အခဲတခုက ဘာရှိလဲဆိုတော့ အကုန်လုံး Campus (တက္ကသိုလ်ပရဝုဏ်) မှာ မတွေ့နိုင်တော့ အွန်လိုင်းမှာ Meeting တွေဘာတွေ လုပ်ရတယ်လေ။ တချို့ကျောင်းသားတွေက ဗမာပြည်ကို ဒီအချိန်မှာ ပြန်ရောက်နေတော့ Meeting လုပ်တာ အချိန်တွေဘာတွေ မတူတော့ အချိန်လွဲနေတော့ အခက်အခဲတော့ ရှိတာပေါ့။”

မသိင်္ဂီထိုက် - ဒီ UCLA မှာတက်နေတဲ့ မြန်မာပြည်က လာတဲ့သူတွေကတော့ ဒီအချိန်မှာ မြန်မာပြည်ကို ပြန်နေကြရတယ်ဆိုတဲ့ သဘောလား၊ ဒီမှာဆက်ပြီး နေလို့ရတဲ့ အခြေအနေရော ရှိပါသလား။

ကိုစွမ်းရဲထွဋ် - “တော်တော်များများကတော့ ဗမာပြည်ကို ပြန်ပြီးတော့မှ ကိုယ့်မိဘတွေနား တော်တော်များများ ပြန်သွားတယ်။ တချို့ကတော့ ကျနော့်လိုမျိုး ကျောင်းဘေးနားက ရပ်ကွက်မှာ Apartment နဲ့နေတဲ့လူမျိုး တယောက်နှစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် တော်တော်များများက ဗမာပြည်ကို ပြန်လို့ရရင် ပြန်သွားကြတယ်ဗျ။”

Los Angeles က UCLA တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုစွမ်းရဲထွဋ် ပြောပြခဲ့တာပါ။

ကမ္ဘာတဝန်းမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက် ၉၄ သန်းခွဲ ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ တနင်္ဂနွေနေ့စာရင်းက ဖော်ပြပါတယ်။ အမေရိကန်ပြည်ထောင်စုက ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ပြီး ကူးစက်သူ စုစုပေါင်း ၂၃.၇ သန်း ရှိပါတယ်။


မသိင်္ဂီထိုက်/VOA (Burmese)

https://burmese.voanews.com/a/covid19-los-angeles/5741535.html

ဗီဇပြောင်း ကိုဗစ်ကူးစက်မှု မြင့်မားလာနေတဲ့ Los Angeles ဗီဇပြောင်း ကိုဗစ်ကူးစက်မှု မြင့်မားလာနေတဲ့ Los Angeles Reviewed by THITHTOOLWIN on 21:45 Rating: 5

No comments:

Powered by Blogger.