တပ်ပိုင်ကုမ္ပဏီနဲ့အဆက်အသွယ်ဖြတ်ဖို့ Kirin ကို ထပ်မံတိုက်တွန်း

တပ်ပိုင်ကုမ္ပဏီနဲ့အဆက်အသွယ်ဖြတ်ဖို့ Kirin ကို ထပ်မံတိုက်တွန်း တပ်မတော်ပိုင် စီးပွားရေး ဦးပိုင်လီမိတက်နဲ့ ဂျပန် ယမကာကုမ္ပဏီဖြစ်တဲ့ ကီရင်တို့ ဖက်စပ်လုပ်ကိုင်နေတဲ့ မြန်မာဘီယာလုပ်ငန်း Myanmar Brewery Ltd ကို မြင်တွေ့ရစဉ် / Photo: RFA

ဂျပန်နိုင်ငံက အဖျော်ယမကာ ကုမ္ပဏီဖြစ်တဲ့ Kirin ကုမ္ပဏီအနေနဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နဲ့ ပူးတွဲလုပ်ကိုင်နေတာတွေကို ချက်ချင်းရပ်တန့်လိုက်ဖို့ ဦးပိုင်ကုမ္ပဏီအကြောင်း စုံစမ်းစစ်ဆေး ထားတာတွေကိုလည်း အများသိအောင် ထုတ်ပြန်ဖို့ လူ့အခွင့်အရေးအဖွဲ့ တွေဖြစ်တဲ့ Human Rights Watch နဲ့ Justice For Myanmar အဖွဲ့က ဒီနေ့ထပ်မံ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ရဲ့ အာရှတိုက် လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်တဲ့ Phil Robertson က

“Kirin အနေနဲ့ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ဖော်ကိုင်ဖက်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေအပေါ် စုံစမ်းစစ်ဆေးချက်အသေးစိတ်ကို ထုတ်ပြန်ပြီး Kirin ရဲ့ စားသုံးသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူသင့်တယ်။” လို့ ပြောလိုက်ပါတယ်။

Kirin ဟာ စစ်တပ်ပိုင်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) အကြောင်း စုံးစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာကို အများသိအောင် ထုတ်ပြန်ပေးပြီး အဲဒီကုမ္ပဏီနဲ့လည်း လုပ်ငန်းဆက်မလုပ်ဖို့ HRW က တိုက်တွန်းလိုက်တာပါ။

အလားတူ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က

“မြန်မာပြည်က စစ်တပ်စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးတွေကို ပြန်လည် အကဲဖြတ် သုံးသပ်မှုတွေ ကို လုပ်မယ်လို့ Kirin က စကြေညာထားတာ တစ်နှစ်တောင်ကျော်သွားပြီ။ မြန်မာ့စီးပွားရေးဦးပိုင်နဲ့ Kirin က စီးပွားရေးဆက်လုပ်နေသမျှ ကျမတို့တိုင်းပြည်က တိုင်းရင်းသား လူထုအသိုင်းအဝန်းပေါ် အခုအထိ ဆက်လက်ကျုးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားဖြစ်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေမှာ သူတို့ဟာ ပူးပေါင်းကြံစည်နေသူများ ဖြစ်ပါတယ်။ နောက်ထပ် နှောင့်နှေးနေမှုကို လက်ခံနိုင်စရာ မရှိပါဘူး။ Kirin အနေနဲ့ ဆင်ခြေပေးနေတာတွေကို ရပ်ဆိုင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းဖို့ အချိန်ရောက်ပါပြီ။” လို့ ဒီနေ့ Justice For Myanmar ထုတ်ပြန်ချက်မှာ ထည့်ပြောထားပါတယ်။

Kirin ကုမ္ပဏီဘက်ကတော့ လူ့အခွင့်အရေးကို ကာကွယ်မှာဖြစ်သလို၊ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ လိုအပ်တဲ့ အရေးယူမှုတွေနဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ စံချိန်စံညွှန်းတွေကို လိုက်နာသွားမယ်လို့ ဇန်နဝါရီလ ၇ ရက်နေ့ မနေ့က ကြေညာခဲ့ပါတယ်။

ဦးပိုင်ကို စုံစမ်းစစ်ဆေးဖို့ Kirin က ငှားရမ်းတာဝန်ပေးခဲ့တဲ့ Deloitte Tohmatsu Financial Advisory LLC ရဲ့ စုံစမ်းစစ်ဆေးမှု ပြီးဆုံးသွားပြီဖြစ်ပေမယ့် လျှို့ဝှက်စောင့်ထိန်းရမယ့် အကြောင်းပြချက် တွေရှိတာမို့ အစီရင်ခံစာကိုတော့ မထုတ်ပြန်နိုင်ဘူးလို့ Kirin ဘက်က ပြောထားပါတယ်။

နောက်ဆက်တွဲ အစီအစဉ်တွေကိုတော့ ၂၀၂၁ ဧပြီလမှာ တင်ပြသွားမယ်လို့ Kirin က ဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီအစီရင်ခံစာကို အများသိအောင် ထုတ်ပြန်ပေးဖို့ လိုလားနေကြပါတယ်။

အနည်းဆုံးတော့ နိုင်ငံခြားက ကုမ္ပဏီတွေဟာ တပ်မတော်ရဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာမှာ ထောက်ပံ့ကူညီ ပေးနေသလို ဖြစ်နေတယ်။ ဒါကြောင့် အချက်အလက်ရှာဖွေရေးမစ်ရှင်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေ ချိုးဖောက်နေတာကို ဟန့်တားနိုင်ဖို့ စစ်တပ်နဲ့ ဘဏ္ဍာရေးပိုင်း မှာ မပတ်သက်ဘဲ ရှောင်ကြဉ်ဖို့ လှုံ့ဆော်နေတာလို့ ဒီနေ့ထုတ် HRW ရဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ မေလ ၂၂ ရက်နေ့မှာ Human Rights Watch နဲ့ အခြား အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းသုံးခုက Kirin ကို တပ်မတော်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေနဲ့ လက်တွဲလုပ်ဆောင်နေတာကို ရုပ်သိမ်းလိုက်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။

တပ်မတော်ကတော့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဟာ နိုင်ငံတော်ကို အခွန်ဆောင် လုပ်ကိုင်နေတာ ဖြစ်ကြောင်းနဲ့ ရရှိလာတဲ့ အကျိုးအမြတ်တွေကို အသုံးချပြီး လူ့အခွင့်အရေးချိုးဖောက်နေတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ ငြင်းထားပါတယ်။

ကီရင် (Kirin) ကုမ္ပဏီဟာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ပူးပေါင်းပြီး ဘီယာ လုပ်ငန်း လုပ်ကိုင်ရာမှာ ကီရင်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဦးပိုင်က အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အတွင်း အမြတ်ငွေ အမေရိကန် ဒေါ်လာ ၄၆ သန်း ကျော်ရှိပြီး ဒီထဲမှာ တပ်မတော်က အမြတ်ငွေ ဒေါ်လာ ၂၂ သန်းကျော် ရရှိခဲ့တယ်လို့ Kirin က ထုတ်ပြန် ထားခဲ့ဖူးပါတယ်။

မြန်မာ့တပ်မတော်ဟာ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီဟာနိုင်ငံက တရားစွဲဆိုထားတဲ့အပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ ကြားဖြတ်စီရင်ချက်ကိုလည်း မြန်မာအစိုးရက အကောင်အထည် ဖော်နေဆဲဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/urge-kirin-to-cut-ties-with-military-01082021033553.html

တပ်ပိုင်ကုမ္ပဏီနဲ့အဆက်အသွယ်ဖြတ်ဖို့ Kirin ကို ထပ်မံတိုက်တွန်း တပ်ပိုင်ကုမ္ပဏီနဲ့အဆက်အသွယ်ဖြတ်ဖို့ Kirin ကို ထပ်မံတိုက်တွန်း Reviewed by THITHTOOLWIN on 18:06 Rating: 5

No comments:

Powered by Blogger.