၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက Joe Biden အနိုင်ရတဲ့အကြောင်း လွှတ်တော်က အတည်ပြု ကြေညာလိုက်ပါပြီ။
သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်မဲတွေမှာ Joe Biden က ၃၀၆ မဲရပြီး Donald Trump က ၂၃၂ မဲ ရတဲ့အတွက် Joe Biden က သမ္မတအဖြစ် တရားဝင် အနိုင်ရကြောင်း လွှတ်တော် နှစ်ရပ်ပေါင်းအထူးစည်းဝေးပွဲမှာ လွှတ်တော်သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ဒုသမ္မတ Mike Pence က အတည်ပြု ကြေညာခဲ့ပါတယ်။
ခုလို ရွေးကောက်ပွဲအနိုင်ရသူကို လွှတ်တော်က တရားဝင်အတည်ပြုလိုက်တဲ့အတွက် ဇန်နဝါရီလ ၂၀ ရက်နေ့ကျရင် ရွေးကောက်ခံသမ္မတ Joe Biden နဲ့ ဒုသမ္မတ Kamala Harris တို့ ကျမ်းသစ္စာကျိန်ဆိုရမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲရလဒ်အတည်ပြုဖို့ ဗုဒ္ဓဟူးနေ့တုန်းက လွှတ်တော်အထူး အစည်းဝေးပွဲ လုပ်နေစဉ် သမ္မတထရမ့်ပ်အပေါ် ထောက်ခံသူတွေ လွှတ်တော်အဆောက်အဦးထဲ အတင်းဝင်ပြီး ဆန္ဒပြကန့်ကွက်တာကြောင့် လွှတ်တော်တွင်း သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်မဲ ရေတွက်တာကို ရပ်နားခဲ့ရပါတယ်။ ဒုသမ္မတ Mike Pence အပါအဝင် လွှတ်တော်ခေါင်းဆောင်တွေကို လုံခြုံရေးတွေက အစည်းအဝေးခန်းမထဲကနေ ခေါ်ထုတ်ပြီး ဘေးကင်းရာမှာ နာရီနဲ့ချီအောင် ထားခဲ့ရပါတယ်။ ကျန်တဲ့ လွှတ်တော်အမတ်တွေလည်း Capitol Hill လွှတ်တော်အဆောက်အဦးထဲက ဘေးကင်းရာမှာ ပုန်းခိုနေခဲ့ကြရပါတယ်။
လွှတ်တော်ထဲကို အတင်းဝင်ရောက်ဖျက်စီးခဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းထုတ်ခဲ့ပြီးနောက် ဗုဒ္ဓဟူးညဘက်မှာ ရွေးကောက်ပွဲ မဲရလဒ် အတည်ပြုရေး လွှတ်တော်စည်းဝေးပွဲကို ပြန်စတင်ခဲ့တာပါ။ ရွေးကောက်ပွဲ မဲရလဒ်တွေအပေါ် အထက်နဲ့အောက် လွှတ်တော်အမတ်တွေရဲ့ သဘောထားတွေကို ဆွေးနွေးခဲ့ကြပြီးနောက် ကြာသပတေးနေ့မနက်လင်းအားကြီးချိန်ကျမှ သမ္မတရွေးကောက်ပွဲ ရလဒ်ကို တရားဝင် အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တဲ့အဖြစ်အပျက်နဲ့ပတ်သက်လို့ ရီပတ်ဘလီကန် လွှတ်တော်ခေါင်းဆောင်တွေရော ဒီမိုကရက် လွှတ်တော်ခေါင်းဆောင်တွေပါ ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ကြပါတယ်။ လွှတ်တော်ထဲကို အတင်းဝင်ရောက်သူတွေဟာ အစိုးရအပေါ် ဆန့်ကျင် ပုန်ကန်သူတွေဖြစ်တယ်လို့ သုံးနှုန်းပြီး အမေရိကန် ဒီမိုကရေစီစနစ်ကို အရှက်ရအောင် လုပ်သူတွေလို့ ဖော်ပြပြောဆိုခဲ့ကြပါတယ်။
ဒုသမ္မတ Mike Pence ကလည်း အကြမ်းဖက်မှုတွေဟာ ဘယ်တော့မှ မအောင်မြင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ လွှတ်တော်အဆောက်အဦးထဲမှာ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ် ယောက်သေဆုံးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/joebiden-us-electrol-vote/5728327.html

No comments:
Post a Comment