သမ္မတ ကျမ်းကျိန်ပွဲ မတိုင်ခင် ထရမ့်ထောက်ခံသူတွေ လက်နက်ကိုင် ဆန္ဒပြတာတွေ လုပ်လာနိုင်တယ်လို့ FBI သတိပေး

ပြီးခဲ့တဲ့ သီတင်းပတ်က လူသေဆုံးမှုတွေ ရှိခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့အပြီး အမေရိကန် Capitol လွှတ်တော်အဆောက်အအုံမှာ လုံခြုံရေးတွေ တိုးမြှင့်ချထား

အမေရိကန်နိုင်ငံမှာ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် ကျမ်းသစ္စာ မကျိန်ဆိုခင် ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ကြဖို့ ထရမ့် ထောက်ခံသူတွေနဲ့ လက်ယာစွန်းဝါဒီ အုပ်စုတွေက တိုက်တွန်း တောင်းဆိုနေကြချိန်မှာပဲ နိုင်ငံတဝန်းမှာ လက်နက်ကိုင် ဆန္ဒပြမှုတွေ ရှိလာနိုင်တယ်လို့ FBI ထောက်လှမ်းရေး အဖွဲ့က သတိပေးလိုက်ပါတယ်။

ဂျိုးဘိုင်ဒန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပမယ့် ဇန်နဝါရီလ ၂၀ ရက် မတိုင်ခင် ပြည်နယ် ၅၀ စလုံးမှာ ရှိတဲ့ ကွန်ဂရက်လွှတ်တော် အဆောက်အအုံတွေနဲ့ ဝါရှင်တန်ဒီစီမြို့က လွှတ်တော် အဆောက်အအုံမှာ လာရောက်စုဝေး ဆန္ဒပြကြဖို့ လက်နက်ကိုင်အုပ်စုတွေက စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကွန်ဂရက်လွှတ်တော် အဆောက်အအုံထဲ ထရမ့်ထောက်ခံသူ လူအုပ်ကြီး စီးနင်းဝင်ရောက်ခဲ့အပြီး အခုအခါ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွက် လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတော့မှာပါ။

သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ထုတ်ပယ်နိုင်ရေးကို ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်နိုင်ဖို့ ရှိတယ်လို့ အောက်လွှတ်တော်က ဒီမိုကရက် အမတ်တွေက ပြောပါတယ်။

သမ္မတထရမ့်ကြောင့် ခြိမ်းခြောက်မှု အန္တရာယ် ကျရောက်လာနိုင်တယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ ကပြော

သမ္မတထရမ့်ဟာ ဆူပူအုံကြွမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်ခဲ့တယ်လို့ သူတို့က စွပ်စွဲနေပြီး သမ္မတထရမ့်ကို ရာထူးကနေ ဖယ်ရှားနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လုပ်ပိုင်ခွင့်အရ ဒုတိယသမ္မတ မိုက်ခ် ပန့်စ်က မဆောင်ရွက်ပေးဘူး ဆိုရင် ဒီလို မဲခွဲဆုံးဖြတ်ကြဖို့ ရှိပါတယ်။ မစ္စတာ ပန့်စ်ဘက်ကတော့ ဒီလို ဆောင်ရွက်မယ့် အရိပ်အယောင်မျိုး မတွေ့ရပါဘူး။

ရွေးကောက်ခံ သမ္မတ ဂျိုး ဘိုင်ဒန်နဲ့ ရွေးကောက်ခံ ဒု သမ္မတ ကမလာ ဟားရစ်စ် တို့ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို လွှတ်တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါကြီးကြောင့် ဝါရှင်တန်မြို့ဆီ မလာကြဖို့ အမေရိကန်ပြည်သူတွေကို ဂျိုးဘိုင်ဒန်ရဲ့ ပါတီက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ဆူပူဆန္ဒပြမှုတွေ ဖြစ်ခဲ့အပြီးမှာ ဒေသန္တရ အာဏာပိုင်တွေကလည်း အလားတူ တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲ ရလဒ်ကို ကွန်ဂရက်လွှတ်တော်အမတ်တွေ မဲခွဲ အတည်ပြု ဆုံးဖြတ်နေကြတဲ့ လွှတ်တော် အဆောက်အအုံထဲကို ထရမ့်ထောက်ခံသူတွေ စီးနင်း ဝင်ရောက်ခဲ့ကြတဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ဖြစ်ရပ်မျိုး ထပ်ဖြစ်လာဖို့ မရှိဘူးလို့ လုံခြုံရေး တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောထားပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ သမ္မတထရမ့်က အထောက်အထား မခိုင်လုံဘဲ အကြိမ်ကြိမ် ပြောနေခဲ့ပြီး သူ့ကိုထောက်ခံသူတွေကို Capitol လွှတ်တော် အဆောက်အအုံဆီ ချီတက် ဆန္ဒပြကြဖို့ တိုက်တွန်းခဲ့အပြီး ဖြစ်ပွားခဲ့တဲ့ အဲဒီဆူပူအကြမ်းဖက်မှုအတွင်း လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ သမ္မတထရမ့်ကို ရာထူးကနေ ဆင်းပေးဖို့၊ ရာထူးကနေ ထုတ်ပယ်ပစ်ဖို့ ဒါမှမဟုတ် စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ဖယ်ရှားပစ်ဖို့ တောင်းဆိုသံတွေ ဒီမိုကရက် အမတ်တွေအကြားနဲ့ ရီပတ်ဘလီကန် အမတ်တချို့ကြားမှာ တိုးပွား ပေါ်ထွက်လာခဲ့ပါတယ်။

မစ္စတာ ထရမ့်ဆီကတော့ တွစ်တာ အပါအဝင် ဆိုရှယ်မီဒီယာ ပလက်ဖောင်း အတော်များများရဲ့ ပိတ်ပင်ခံခဲ့ရတဲ့ သောကြာနေ့ကတည်းက ထုတ်ပြန် ကြေညာချက်တွေ ထွက်မလာတော့ပါဘူး။

သူဟာ သမ္မတရွေးကောက်ပွဲမှာ သူ့ပြိုင်ဘက် သမ္မတကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်းအစိုးရကို ပြောခဲ့မှုကြောင့် ဥပဒေချိုးဖောက်ခဲ့တယ် ဆိုတဲ့ စွဲချက်တွေနဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စွပ်စွဲ ပြစ်တင်ခံခဲ့ရပြီး အမေရိကန်သမ္မတ သမိုင်းမှာ ဒီလိုစွပ်စွဲပြစ်တင်ခံရတဲ့ တတိယမြောက် သမ္မတ ဖြစ်လာခဲ့ပါတယ်။ ဆီးနိတ်လွှတ်တော်က သူ့မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

စောင့်ကြည့်ရမယ့် အရေးပါတဲ့ နေ့များ

    အင်္ဂါနေ့- သမ္မတထရမ့်ကို သမ္မတရာထူးတဲ့ မသင့်တော်ကြောင်း ထုတ်ဖော်ကြေညာပြီး ရာထူးကနေ ချက်ချင်း ဖယ်ရှားဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ဒုတိယ သမ္မတ ပန့်စ်နဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့က ဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။ အောက်လွှတ်တော်မှာ ဒီမိုကရက် အမတ်အများစုက ထိန်းချုပ်ထားတဲ့အတွက် ဒီဆုံးဖြတ်ချက်ကို ထောက်ခံအတည်ပြုမယ့်ပုံ ရှိပါတယ်။ ဒါပေမဲ့ မစ္စတာ ပန့်စ်ကတော့ ဒီလို ဆောင်ရွက်ပေးမယ့် အရိပ်အယောင် မတွေ့ရပါဘူး။

    ဗုဒ္ဓဟူးနေ့-သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်နိုင်ရေး မဲခွဲဆုံးဖြတ်ဖို့ လုပ်ဖြစ်အောင် လုပ်မယ်လို့ ဒီမိုကရက်တွေက ကြုံးဝါးထားပါတယ်။ အောက်လွှတ်တော်မှာ အမတ်အများစု နေရာရထားတဲ့အတွက် သမ္မတထရမ့်ဟာ နှစ်ကြိမ် စွပ်စွဲပြစ်တင်ခံရတဲ့ ပထမဆုံး သမ္မတ ဖြစ်လာမယ့် ပုံရှိနေပါတယ်။အဲဒီနောက်မှာတော့ တရားဝင် တရားစွဲဆိုချက်ကို ဆီးနိတ်လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီမှာ စစ်ဆေးကြားနာမှု လုပ်ရမှာ ဖြစ်ပြီး အချိန်ဘယ်လောက်ကြာမလဲ ဆိုတာကိုတော့ မသိရပါဘူး။

    ဇန်နဝါရီလ ၂၀ ရက်-ဂျိုးဘိုင်ဒန်နဲ့ ကမလာ ဟားရစ်စ် တို့ သမ္မတနဲ့ ဒုသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမယ်။

အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့အပြီး ရက်ပိုင်းအကြာမှာ ဝါရှင်တန်မြို့က Capitol လွှတ်တော် အဆောက်အအုံနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာ

ထရမ့် ထောက်ခံသူတွေနဲ့ လက်ယာစွန်းဝါဒီတွေရဲ့ အွန်လိုင်း ကွန်ရက်တွေမှာ တင်ထားတဲ့ ပို့စ်တွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကျရင် နိုင်ငံတဝန်းက မြို့တွေမှာ လက်နက်ကိုင် ဆန္ဒပြကြဖို့နဲ့ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပတဲ့နေ့မှာ ဝါရှင်တန် ဒီစီမြို့ကို ချီတက် ဆန္ဒပြကြဖို့ အပါအဝင် နေ့ရက်အတိအကျတွေနဲ့ ဆန္ဒပြဖို့ ဆော်သြထားတာတွေ တွေ့ရပါတယ်။

ABC သတင်းဌာနနဲ့ တခြားသတင်းဌာနတွေမှာ ဖော်ပြတဲ့ FBI ဌာနတွင်း သတင်းတပုဒ်အရ တကယ်လို့ သမ္မတထရမ့် အချိန်မတိုင်ခင် ရာထူးကနေ ဖယ်ရှားခံရမယ်၊ မဟုတ်ရင်လည်း သမ္မတကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာ ရာထူးကနေ ဖယ်ရှားခံရမယ် ဆိုရင် နိုင်ငံတဝန်းမှာ ရှိတဲ့ ပြည်နယ်၊ မြို့နယ်နဲ့ ဖယ်ဒရယ်အဆင့် တရားရုံးတွေကို ဝင်စီးနင်း ဆန္ဒပြကြဖို့ အုပ်စုတစ်စုက ဆော်သြထားကြောင်း သတိပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်အဆောက်အအုံကို စီးနင်းဝင်ရောက် ဆန္ဒပြခဲ့မှုက ခေါင်းကြီးပိုင်း သတင်းတွေအဖြစ် ကြီးစိုးခဲ့ပေမဲ့ နိုင်ငံရဲ့ တခြားနေရာတွေမှာလည်း အဲဒီလောက် မကြီးမားပေမဲ့ အလားတူ ဆူပူဆန္ဒပြမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အစိုးရရုံးအဆောက်အအုံတွေမှာ လုံခြုံရေးတွေ တိုးမြှင့် ချထားဖို့ ဒေသန္တရ ရဲတပ်ဖွဲ့တွေကို ဖယ်ဒရယ်အဖွဲ့က ညွှန်ကြားထားတယ်လို့ အမေရိကန် သတင်းမီဒီယာတွေက ဆိုပါတယ်။

ဇန်နဝါရီလ ၁၆ ရက်ကနေ ၂၀ ရက်နေအထိ ပြည်နယ် မြို့တော်တွေ အားလုံးနဲ့ ဝါရှင်တန်မြို့တော်မှာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် အနည်းဆုံး ၃ ရက်ကြာ လုံခြုံရေးတွေ တင်းကျပ်ထားဖို့ FBI က သတိပေးထားပါတယ်။

အကြမ်းဖက် ဆူပူမှုတွေ လုပ်ဖို့ အားပေးလှုံ့ဆော်နေတယ်လို့ ယူဆရတဲ့ သူတွေနဲ့ ဝက်ဆိုက်တွေကို ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေနဲ့ ကွန်ရက်တွေက ခြေရာခံ လိုက်ရှာပြီး ဖြုတ်ချနေပါတယ်။ အမေဇုံ ကုမ္ပဏီရဲ့ ဖြုတ်ချတာကို ခံခဲ့ရတဲ့ Parler လူမှုကွန်ရက်က အမေဇုံကုမ္ပဏီကို ပြန်တရားစွဲမယ်လို့ ပြောနေပါတယ်။

လက်ယာစွန်း အယူဝါဒ ကျူအန်နန် QAnon သီအိုရီ စွပ်စွဲချက်ကို လူသိများလာအောင် လုပ်နေတဲ့ အကောင့်ပေါင်း ၇ သောင်းကျော်ကို တွစ်တာက ဖြုတ်ချခဲ့သလို ဖေ့စ်ဘွတ်ခ် ကလည်း ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ ပြောနေတဲ့ သမ္မတ ထရမ့်ရဲ့ ပြောဆိုချက်တွေအတိုင်း လိုက်ဟစ်ကြွေးနေတဲ့ "မဲမတရားခိုးတာတွေ ရပ်ကြ"ဆိုတဲ့ စာတမ်းပါတဲ့ ပို့စ်တွေကို ပိတ်ပင်မယ်လို့ ဆိုပါတယ်။

လက်ရှိ ဖြစ်ပျက်နေတဲ့ တခြားဖြစ်ရပ်တွေကို ကြည့်မယ် ဆိုရင်

    မစ္စတာထရမ့်ဟာ အောက်လွှတ်တော်က အမတ်နေရာအနည်းစု ခေါင်းဆောင် ကယ်ဗင် မက်ကာသီနဲ့ တနင်္လာနေ့က ဖုန်းပြောခဲ့တယ်လို့ အမေရိကန် သတင်းတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွက် မစ္စတာ ထရမ့်က သူ့မှာ တာဝန်တချို့ ရှိခဲ့တယ်ဆိုတာကို လက်ခံကြောင်း ပြောခဲ့တယ်လို့ မစ္စတာ မက်ကာသီက အောက်လွှတ်တော်က လုပ်ဖော်ကိုင်ဖက် ရီပတ်ဘလီကန်အမတ်တွေကို ပြန်ပြောပြခဲ့တယ်လို့ CBS နဲ့ Politico သတင်းတွေက ဖော်ပြခဲ့ပြီး Axios သတင်းဌာနကတော့ မစ္စတာ ထရမ့်ဟာ ဒီအကြမ်းဖက် ဆန္ဒပြမှုတွေထဲမှာ လက်ဝဲဝါဒီအုပ်စု ပါဝင်ပတ်သက်ခဲ့တယ် ဆိုပြီး ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လက်ဝဲဝါဒီ အုပ်စုတွေပါတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရပါဘူး။

    မစ္စတာထရမ့်ဟာ မက္ကဆီကိုနိုင်ငံနဲ့ အမေရိကန်နိုင်ငံအကြား နယ်စပ်တလျှောက်မှာ ဆောက်လုပ်နေတဲ့ တံတိုင်းတွေကို သွားရောက်ကြည့်ရှုဖို့အတွက် တက္ကဆက်စ်ပြည်နယ်ဆီ သွားဖို့ ရှိနေတာကြောင့် အင်္ဂါနေ့ အကြမ်းဖက်ဆန္ဒပြမှုတွေ ဖြစ်ပွားပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ်လူထုရှေ့မှောက် ထွက်လာဖို့ ရှိတယ်လို့ ယူဆရပါတယ်။

    အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ခဲ့ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် မစ္စတာ ထရမ့်နဲ့ မစ္စတာ ပဲန့်စ်တို့ တနင်္လာနေ့က တွေ့ဆုံခဲ့ကြပါတယ်။ အကြမ်းဖက် ဆူပူမှု ဖြစ်နေချိန်မှာ ဒုသမ္မတ ပဲန့်စ်ဟာ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုမဲခွဲဆုံးဖြတ်မှုမှာ ဦးစီးပါဝင် ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှု အကြောင်းနဲ့ ပတ်သက်လို့တော့ အသေးစိတ် မထုတ်ပြန်သေးပါဘူး။ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြု မပေးဖို့ သမ္မတထရမ့်ရဲ့ ပြောကြားချက်ကို မစ္စတာ ပဲန့်စ်က လက်မခံခဲ့ပါဘူး။

ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် ဘယ်လို လုံခြုံရေးတွေ စီစဉ်ထားသလဲ

ဝါရှင်တန် ဒီစီမြို့တော်မှာ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ အရေးပေါ်အခြေအနေ ချမှတ်ကြောင်း သမ္မတ ထရမ့်က တနင်္လာနေ့က ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီအမိန့်အရ DHS ပြည်တွင်းလုံခြုံရေးဌာနအနေနဲ့ နိုင်ငံကို ဘေးအန္တရာယ်ဆိုးကနေ ကာကွယ်ဖို့ လုပ်ပိုင်ခွင့် ရလာခဲ့ပါတယ်။

DHS ဌာန ယာယီအကြီးအကဲ ချက်ဒ် ဝို့လ်ဖ် က ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ လက်ရှိ လုံခြုံရေး အနေအထားအရ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ၆ ရက် တင်ကြိုပြီး လုံခြုံရေးတင်းကျပ်မှုတွေ စလုပ်ဖို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ကို သူညွှန်ကြားထားခဲ့တယ်လို့ ပြောပါတယ်။

တနင်္လာနေ့နှောင်းပိုင်းမှာတော့ မစ္စတာ ဝို့လ်ဖ် ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။ အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွားပြီးကတည်းက သူ့အရင် နောက်ထပ် ဝန်ကြီး နှစ်ဦး ဖြစ်တဲ့ ဘက်ဆီ ဒီဗော့စ်နဲ့ အီလိန်း ချောင်တို့ ရာထူးက နုတ်ထွက်သွားခဲ့ရပါတယ်။ သူအခုလို ရာထူးကနေ နုတ်ထွက်ခဲ့တာဟာ သူ့ကို ဒီရာထူးခန့်အပ်ခဲ့တာဟာ ဥပဒေကြောင်းအရ ခိုင်လုံမှု ရှိမရှိဆိုတာအပေါ် တရားရုံးရဲ့ ဆုံးဖြတ်မှုတွေအပါအဝင် လတ်တလော ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကြောင့် ဖြစ်တယ်လို့ မစ္စတာ ဝို့လ်ဖ်က ပြောပါတယ်။

အခုသီတင်းပတ်ကုန်ရက်ပိုင်း မတိုင်ခင် ဝါရှင်တန် ဒီစီ မြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်သောင်းကျော် ချထားမှာ ဖြစ်သလို တကယ်လို့ ထပ်ပန်ကြားလာရင် နောက်ထပ် တပ်ဖွဲ့ဝင် ငါးထောင်လောက် ထပ်ချပေးဖို့ အဆင်သင့် ရှိတယ်လို့ National Guard အဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဒန်နီယယ် ဟိုကန်ဆန် က ပြောပါတယ်။ ၂၀၁၇ ခုနှစ်က မစ္စတာ ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစဉ်တုန်းကတော့ လုံခြုံရေး တပ်ဖွဲ့ဝင် ၈ ထောင်လောက်ပဲ ချထားခဲ့တာပါ။

ဒီအတောအတွင်းမှာပဲ ဝါရှင်တန်မြို့တော်ဝန် မြူရီယယ် ဘောင်ဆာ က ပြီးခဲ့တဲ့လက လွှတ်တော် အဆောက်အအုံမှာ သူ့အဆို မကြုံစဖူး အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့အပြီး လုံခြုံရေးတွေ ပိုတင်းကြပ်ပေးဖို့ ပန်ကြားလိုက်ပါတယ်။

အကြမ်းဖက်မှုအန္တရာယ် ရှိလာနိုင်တဲ့အတွက် Washington Monument အဆောက်အအုံနေရာကို အများပြည်သူ လာရောက်ခွင့် ပိတ်ထားမယ်လို့ အမေရိကန် နိုင်ငံတော် ဥယျာဉ်ဌာနက ထုတ်ဖော် ကြေညာလိုက်ပြီး National Mallနဲ့ Memorial Parks တွေကိုလည်း ယာယီ ပိတ်ထားကောင်း ပိတ်ထားမယ်လို့ ပြောပါတယ်။

အခုလို လုံခြုံရေး အခြေအနေ စိုးရိမ်ရပေမဲ့ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ကျမ်းသစ္စာ ကျိန်ဆိုဖို့ သူလုံးဝ မကြောက်ပါဘူးလို့ မစ္စတာ ဘိုင်ဒန်က တနင်္လာနေ့က ကိုဗစ် ကာကွယ်ဆေး ဒုတိယအကျော့ အထိုးခံနေစဉ် ပြောသွားခဲ့ပါတယ်။

ဒေါ်နယ် ထရမ့်ကို စွပ်စွဲ ပြစ်တင်နိုင်ဖို့ကိစ္စ ဆီးနိတ်လွှတ်တော်အမတ်တချို့နဲ့ သူစကားပြောခဲ့တဲ့အကြောင်း ဂျိုးဘိုင်ဒန်က တနင်္လာနေ့က ပြောခဲ့

သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့အခါကျရင် မစ္စတာ ဘိုင်ဒန်ဟာ စည်းလုံးညီညွတ်မှုကို ပြတဲ့အနေနဲ့ သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ဘာရက် အိုဘားမား၊ ဂျော့ဂျ် ဘွတ်ရှ်၊ ဘေလ် ကလင်တန် တို့နဲ့အတူ ပန်းခွေချတဲ့ အခမ်းအနားတစ်ခုကို တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲကို သူတက်မှာ မဟုတ်ဘူးလို့ ပြောထားပြီး ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၅၀ ကျော်အတွင်းမှာ မစ္စတာထရမ့်ဟာ နောက်တက်မယ့် သမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်တဲ့ ပထမဆုံး သမ္မတ ဖြစ်လာတော့မှာပါ။


BBC Burmese

https://www.bbc.com/burmese/world-55633321

သမ္မတ ကျမ်းကျိန်ပွဲ မတိုင်ခင် ထရမ့်ထောက်ခံသူတွေ လက်နက်ကိုင် ဆန္ဒပြတာတွေ လုပ်လာနိုင်တယ်လို့ FBI သတိပေး  သမ္မတ ကျမ်းကျိန်ပွဲ မတိုင်ခင် ထရမ့်ထောက်ခံသူတွေ လက်နက်ကိုင် ဆန္ဒပြတာတွေ လုပ်လာနိုင်တယ်လို့ FBI သတိပေး Reviewed by THITHTOOLWIN on 00:55 Rating: 5

No comments:

Powered by Blogger.