Donald Trump ထောက်ခံဆန္ဒပြသူတွေ ကွန်ဂရက်အဆောက်အဦးကို ဝင်ရောက်စီးနင်း

အမေရိကန် လွှတ်တော်အဆောက်အဦးကို ဆန္ဒပြသူတွေ ဇန်နဝါရီ ၆ ရက်နေ့က ဝင်စီးနေစဉ်

သမ္မတ ဒေါ်နယ် ထရမ့်ကို ထောက်ခံသူတွေက အမေရိကန်ကွန်ဂရက်လွှတ်တော်အဆောက်အအုံထဲ အဓမ္မဝင်ရောက်ဆန္ဒပြဖို့ကြိုးစား တာကြောင့် ကွန်ဂရက် လွှတ်တော် ရဲတပ်ဖွဲ့က လုံခြုံရေး အကြောင်းပြချက်နဲ့ လွှတ်တော် ပရဝုဏ်အတွင်း အသွားအလာ အားလုံးကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပိတ်ပင်လိုက်ပါတယ်။

ဆန္ဒပြသူတွေ လွှတ်တော်အတွင်း အတင်း ဝင်ရောက်တဲ့အချိန်မှာ အထက်နဲ့ အောက် လွှတ်တော် အမတ်တွေက ရွေးကောက်ခံ သမ္မတ Joe Biden ကို သမ္မတသစ်အဖြစ် မဲတွေကို အတည်ပြုဖို့ ဆွေးနွေးနေ ချိန်လည်း ဖြစ် ပါတယ်။

Joe Biden ကို သမ္မတရွေးချယ်ရေးအဖွဲ့က ပေးအပ်ထားတဲ့ မဲတွေကို အတည်ပြုပေးဖို့ လုပ်ဆောင်နေတဲ့ အထက်လွှတ်တော် အစည်း အဝေးကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒုတိယသမ္မတ Mike Pence ကို လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့တွေကအဆောက်အဦးမြေအောက် လှိုဏ်ဂူပေါက်ထဲကို အကာအကွယ်ပေး ခေါ်ဆောင်သွားခဲ့ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လူမှုမီဒီယာတွေနဲ့ အမေရိကန် မီဒီယာတွေမှာ ပြသနေတဲ့ ဗွီဒီယိုတွေမှာတော့ သမ္မတ ထရမ့်ကို ထောက်ခံသူတွေက ရဲတပ်ဖွဲ့တွေ အတားအဆီးလုပ်ထားတဲ့ စည်းကို ကျော်ပြီး လွှတ်တော် အဆောက်အဦးထဲ ဝင်ရောက်တာကို တွေ့ရပါတယ်။ တစ်ချို့ ဆန္ဒပြသူတွေ က အောက်လွှတ်တော် ခန်းမတံခါးကို ဖွင့်ဖို့ ကြိုးစားတာကြောင့် မျက်ရည်ယိုဗုံးတွေ အသုံးပြုဖို့ အဆင့်သင့် လုပ်ဆောင် ထားခဲ့ရ တယ် လို့လည်း တီဗီ သတင်းဌာန တစ်ခုက ပြောပါတယ်။

သမ္မတ ရွေးကောက်ပွဲကို လွှတ်တော်မှာ အတည်ပြုတာက အရင်က ပုံမှန် လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခု ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ရစ်ပတ်ဘလင်ကန် အမတ်တစ်ချို့က ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ကန့်ကွက်ခဲ့ကြပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့်ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲ ရလဒ်ကို လက်ခံခြင်း မရှိသေးပါဘူး။

လွှတ်တော်ထဲ လူအုပ်ကြီး ရောက်ရှိပြီး ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာပဲ သမ္မတ ထရမ့်က လွှတ်တော် ရဲတပ်ဖွဲ့ဝင် တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အကူအညီပေးကြဖို့ ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းတဲ့စာကို တွစ်တာမှာ ရေးသားထားပါတယ်။

ဝါရှင်တန် ဒီစီ မြို့တော်ဝန် ကတော့ ဒေသစံတော်ချိန် ည ၆ နာရီကစလို့ မြို့တော်ထဲ ညမထွက်ရအမိန် curfewထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

လွှတ်တော်အစည်းအဝေး မရပ်နားခင်ကလေးမှာပဲ အထက်လွှတ်တော် လူများစု ခေါင်းဆောင် က ရွေးကောက်ပွဲ ရလဒ်ကို ပြန်ပြင် မှာ မဟုတ်ဘဲ အမေရိကန် ပြည်သူတွေရဲ့ ဆုံးဖြတ်ချက် မဲတွေအပေါ် လေးစား လိုက်နာသွားမယ်လို့ ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/trump-supporter-congress-lock-down/5727516.html

Donald Trump ထောက်ခံဆန္ဒပြသူတွေ ကွန်ဂရက်အဆောက်အဦးကို ဝင်ရောက်စီးနင်း Donald Trump ထောက်ခံဆန္ဒပြသူတွေ ကွန်ဂရက်အဆောက်အဦးကို ဝင်ရောက်စီးနင်း Reviewed by THITHTOOLWIN on 06:17 Rating: 5

No comments:

Powered by Blogger.