မြန်မာ COVID-19 ကူးစက်သူ ၁၂၄,၆၃၀၊ သေဆုံးသူ ၂,၆၈၂ ရှိပြီ

ရန်ကုန်မြို့တွင် ကိုဗစ်ကြောင့်သေဆုံးသူတစ်ဦးကို သဂြိုင်္ဟ်ပြီး တွေ့ရသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ အယောက် ၈၉၀ ထပ်တိုးပြီး သေဆုံးသူက ၁၈ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ၆ ယောက်က ရောဂါအခံမရှိသူတွေဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၄,၀၀၇ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၈၁၈,၂၆၀ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၆၈၂ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၂၄,၆၃၀ ယောက် ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၉၄၈ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၁၀၇,၀၆၉ယောက် ရှိသွားပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၃.၇၁% ရှိပြီး ပြန်ကောင်းလာသူ ၈၅.၉% ၊ သေဆုံးနှုန်းက ၂.၁၅% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၇၇.၈% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

မနေ့ကနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဒီကနေ့မှာ စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာအရေအတွက် ပိုများပြီး ကူးစက်သူ အရေအတွက် ပိုများပေမဲ့ သေဆုံးသူက ပိုနည်းပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5719939.html

မြန်မာ COVID-19 ကူးစက်သူ ၁၂၄,၆၃၀၊ သေဆုံးသူ ၂,၆၈၂ ရှိပြီ မြန်မာ COVID-19 ကူးစက်သူ ၁၂၄,၆၃၀၊ သေဆုံးသူ ၂,၆၈၂ ရှိပြီ Reviewed by THITHTOOLWIN on 01:36 Rating: 5

No comments:

Powered by Blogger.