အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden က သူ့အစိုးရသစ်ဆောင်ရွက်မယ့် COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးအစီအစဉ်တွေကို ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒေါ်လာ ၂ ထရီလီယံနီးပါး အသုံးပြုပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အဆင့် ၂ ဆင့်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားပါတယ်။
"ပထအဆင့်အနေနဲ့ အမေရိကန်တွေကို ကယ်တင်မယ့်အစီအစဉ်က ကပ်ရောဂါ တိုက်ဖျက်ရေးနဲ့ ငွေကြေးထောက်ပံ့မှု အလိုအပ်ဆုံး အမေရိကန်တွေကို တိုက်ရိုက်အကူအညီပေးသွားမှာဖြစ်ပါတယ်။" လို့ ရွေးကောက်ခံသမ္မတ Biden ပြောကြားသွားတာဖြစ်ပါတယ်။
ပြည်သူတယောက်ကို ဒေါ်လာ ၁,၄၀၀ ထပ်တိုးပြီးတော့ ထောက်ပံ့ငွေပေးရေး၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ ကျောင်းတွေပြန်ဖွင့်နိုင်အောင်ဆောင်ရွက်ရေး၊ တနိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်ဆောင်ရွက်ရေးနဲ့ အလုပ်လက်မဲ့ဖြစ်နေသူတွေကို ပြည်ထောင်စုအစိုးရထောက်ပံ့ငွေ တပတ် ဒေါ်လာ ၄၀၀ စက်တင်ဘာလအထိ ပေးရေးတို့ အစီအစဉ်ထဲမှာ ပါဝင်ပါတယ်။
အသေးစား စီးပွာရေးလုပ်ငန်းတွေ၊ အထူးသဖြင့် လူဖြူမဟုတ်သူတွေ ပိုင်တဲ့ လုပ်ငန်းငယ်တွေအပေါ် စီးပွားရေး ကျားကန်ပေးရေးကိုလည်း အစီအစဉ်ထဲမှာ အသေးစိတ် ထည့်သွင်းထားပါတယ်။ ဒေါ်လာ ၁.၉ ထရီလီယံ သုံးစွဲမယ့်အစီအစဉ်ဟာ ရည်မှန်းချက်ကြီးမားပေမဲ့ အောင်မြင်နိုင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီအစဉ် ဥပဒေကြမ်းကို လွှတ်တော်မှာ အမြန်ဆုံး အတည်ပြုနိုင်ဖို့ လိုအပ်ကြောင်းလည်း ရွေးကောက်ခံသမ္မတ Biden ရဲ့ မိန့်ခွန်းထဲမှာ အလေးထား ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment