ကိုဗစ်ကာကွယ်ဆေး- အိန္ဒိယထုတ် ကိုဗက်ဆင်းနဲ့ ကိုဗစ်ရှီး ကာကွယ်ဆေးတွေ အကြောင်း

သန်းနဲ့ချီ အရေအတွက်ရှိတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို အိန္ဒိယက မြန်မာနိုင်ငံအပါအဝင် သူ့ အိမ်နီးနားချင်းနိုင်ငံတွေဆီကို စတင်ပို့ပေးနေပါပြီ။

အခုတစ်ခေါက်က ဆေးတွေကို အခမဲ့ပေးဝေတာမို့ "ကာကွယ်ဆေး သံခင်းတမန်ခင်း - vaccine diplomacy" လို့ အများက သတ်မှတ်ပေးကြပါတယ်။

ကိုဗစ်ရှီး (Covishield) ဆိုတာကတော့ ဗြိတိန်မှာထုတ်လုပ်တဲ့ အောက်စဖို့ -အက်စထရာဇန်နကာ ကာကွယ်ဆေးနဲ့ အတူတူပါပဲ။ အဲဒီဆေးထုတ်တဲ့ နည်းအတိုင်း ကာကွယ်ဆေးထုတ်လုပ်တာဖြစ်ပြီး ကိုဗစ်ရှီး ဆိုတဲ့ ဒေသနာမည်အဖြစ်ပြောင်းလဲပြီး ထုတ်လုပ်တာပါ။

ကိုဗက်ဆင်း (Covaxin) ကတော့ အိန္ဒိယဆေးဝါးကုမ္ပဏီ ဘာရက် ဘိုင်အိုတက်ခ် (Bharat Biotech) က ထုတ်လုပ်တာဖြစ်ပါတယ်။

အိန္ဒိယဟာ ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီပေါင်း ၆ ခုလောက်ရှိပြီး ကမ္ဘာ့ ကာကွယ်ဆေးလိုအပ်ချက်ရဲ့ ၆၀% ကို ထုတ်လုပ်ပေးနေတာပါ။

အဲဒီ အိန္ဒိယထုတ်ကာကွယ်ဆေးတွေအကြောင်းဘာတွေ သိထားကြပြီလဲ။

ကိုဗက်ဆင်းက ဘယ်လို အလုပ်လုပ်တာလဲ

အိန္ဒိယ အစိုးရရဲ့ အားပေးမှုနဲ့ ပြည်တွင်းက ဘာရက် ဘိုင်အိုတက်ခ် ကုမ္ပဏီက ထုတ်လုပ်တာပါ။ ဒီကုမ္ပဏီက ကာကွယ်ဆေးတွေထုတ်လုပ်တာ ၂၄ နှစ် သက်တမ်းရှိတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အရင်က ကာကွယ်ဆေး အမျိုးပေါင်း ၁၆ မျိုးထုတ်လုပ်ဖူးပြီး နိုင်ငံပေါင်း ၁၂၃ နိုင်ငံကို ပို့ခဲ့ပါတယ်။

ဒီကာကွယ်ဆေးက အသက်မရှိတော့တဲ့ ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ ထုတ်လုပ် ထားတာပါ၊ ဒါကြောင့်မို့ လူ့ခန္ဓာထဲကို ထည့်သွင်းရင် အန္တရာယ်ကင်းပါတယ်။

အဲဒီလို သေနေတဲ့ဗိုင်းရပ်စ်ကို ထည့်လိုက်တယ်ဆိုပေမယ့် လူ့ကိုယ်ခံအား ဆဲလ်တွေက ဒါတွေက ဗိုင်းရပ်စ်ဆိုတာကို သိပါတယ်၊ အဲဒီအတွက် အဲဒါတွေကို တိုက်ခိုက်မယ့် ကိုယ်ခံအား ပဋိပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်ပြီး တကယ့် ကိုရိုနာဗိုင်းရပ်စ် ခန္ဓာကိုယ်ထဲကို ဝင်လာရင် အကာအကွယ် ရပါလိမ့်မယ်။

Bharat Biotech ကုမ္ပဏီက အိန္ဒိယအခြေစိုက် ကုမ္ပဏီဖြစ်

ကာကွယ်ဆေး ဆေး ၂ လုံးကို သီတင်းပတ် ၄ ပတ်ခြားပြီးထိုးပေးရမှာပါ။ ဒီကာကွယ်ဆေးကို ၂ ကနေ ၈ ဒီဂရီ စင်တီဂရိတ် လောက်အေးတဲ့နေရာမှာ ထားဖို့လိုပါတယ်။

ဘာရက် ဘိုင်အိုတက်ခ်က ကိုဗက်ဆင်း ကာကွယ်ဆေး အလုံးပေါင်း သန်း ၂၀ ထုတ်လုပ်ထားပြီးဖြစ်တယ်လို့ ဆိုပြီး မြို့ ၂ မြို့မှာရှိတဲ့ သူ့စက်ရုံတွေကနေ ဒီနှစ် မကုန်ခင် ဆေးအလုံးပေါင်း သန်း ၇၀၀ ထုတ်လုပ်သွားဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။

ကိုဗက်ဆင်းနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာက ဘာတွေလဲ

အိန္ဒိယဆေးဝါးကွပ်ကဲရေးဌာနက "ဒီကာကွယ်ဆေးဟာ ကြိုတင်သတိထားစရာတွေ များတာမို့ လူထုအကြားမှာဖြစ်စေ၊ လူတွေနဲ့ လက်တွေ့ စမ်းသပ်ရာမှာ ဖြစ်စေ အရေးပေါ်အခြေအနေတွေမှာသာသုံးဖို့ ကန့်သတ်တယ်။ အထူးသဖြင့် ဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အချိန်တွေမှာ ပိုပြီး သတိပြုရမယ်" လို့ ဆိုခဲ့တဲ့နောက် အငြင်းပွားစရာတွေ စဖြစ်လာခဲ့ပါတယ်။

လူနဲ့စမ်းသပ်နေတာက လုပ်နေတုန်းပဲရှိသေးတဲ့အချိန်မှာ ဒီကာကွယ်ဆေးကို အရေးပေါ်အခြေအနေသုံးဖို့ ဆိုပြီး လူပေါင်း သန်းပေါင်းများစွာကို ထိုးဖို့ ဘယ်လိုလုပ်ပြီး ခွင့်ပြုပေးလိုက်သလဲဆိုတာကို ကျွမ်းကျင်သူတွေက စောကြောနေကြပါတယ်။

ထုတ်လုပ်တဲ့ ဆေးဝါးကုမ္ပဏီကရော၊ ဆေးဝါးကွပ်ကဲရေးဌာနကရော ကိုဗက်ဆင်းဟာ "ဘေးကင်းစိတ်ချရပြီး ကိုယ်ခံအားတွေလည်း ကောင်းကောင်းထွက်တဲ့ ဆေး" လို့ဆိုပါတယ်။

ကိုဗစ်ရှီးကာကွယ်ဆေးက ဘာလဲ

ကာကွယ်ဆေးထုတ်လုပ်တဲ့အထဲမှာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်တဲ့ Serum Institute of India က အောက်စဖို့ အက်စထရာဇန်နကာ ကာကွယ်ဆေးကို ထုတ်လုပ်တာဖြစ်ပြီး ကိုဗစ်ရှီး ဆိုတဲ့ အမည်ကိုပေးထားတာပါ။ အချိန် တစ်လအတွင်းမှာ ကာကွယ်ဆေးအလုံးပေါင်း သန်း ၅၀ ထုတ်လုပ်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ချင်ပန်ဇီ မျောက်ဝံတွေကနေ အားပျော့နေတဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုး (adenovirus) ယူပြီး အဲဒီက တဆင့် ကိုဗစ်ရှီး ကာကွယ်ဆေးကို ထုတ်လုပ်တာပါ။ အဲဒီဗိုင်းရပ်စ်ကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပိုတူအောင် မွမ်းမံပြုပြင်ထားပါတယ်၊ ဒါပေမဲ့ အဲဒီပိုးတွေက လူကို အန္တရာယ်မပေးပါဘူး။

အောက်စဖို့ ကာကွယ်ဆေးကို Serum Institute of Indiaက ကိုဗစ်ရှီး ကာကွယ်ဆေးအဖြစ်ထုတ်လုပ်

ဒီကာကွယ်ဆေးကို လူနာကို ထိုးပေးလိုက်ရင် ကိုယ်ခံအားစနစ်ကနေ ပဋိပစ္စည်းတွေ ထွက်လာပြီး ကိုရိုနာဗိုင်းရပ်စ် မှန်သမျှကို တိုက်ခိုက်ပါလိမ့်မယ်။

ကာကွယ်ဆေးကို ၂ လုံးထိုးရမှာဖြစ်ပြီး ၄ ပတ်ကနေ ၁၂ ပတ်ကြားခွာပြီး ထိုးရမှာပါ။ ဆေးတွေကို ၂ ကနေ ၈ ဒီဂရီ စင်တီဂရိတ်လောက် အေးတဲ့နေရာမှာ ထားရတာမို့ အိမ်တွေမှာ သုံးကြတဲ့ ရေခဲသေတ္တာလောက် အေးအောင်ထားရင် ရပြီး၊ ကျန်းမာရေးဌာနတွေဆီကို ပို့ဆောင်ရတာလွယ်ကူပါတယ်။

နိုင်ငံများစွာမှာ ထိုးနေကြပြီဖြစ်တဲ့ ဖိုင်ဇာ ဘိုင်အွန်တက်ခ် ကာကွယ်ဆေးက အနုတ် ၇၀ ဒီဂရီ စင်တီဂရိတ်ခန့် အေးတဲ့နေရာမှာ ထားရတာဖြစ်တဲ့အတွက် ပို့ဆောင်ရာတာ အကန့်အသတ်များစွာရှိသလို အပူချိန်များတဲ့ နိုင်ငံမျိုးတွေ မှာ ပို့ဆောင်ဖို့ စိန်ခေါ်မှု ပိုကြီးပါတယ်။

ကိုဗစ်ရှီး Covishieldက ဘယ်လောက်အစွမ်းထက်လဲ

အောက်စဖို့ - အက်စထရာဇန်နကာ ကာကွယ်ဆေးကို ပထမအကြိမ်မှာ ဆေးတစ်ဝက်၊ ဒုတိယအကြိမ်မှာ ဆေး တစ်လုံး အပြည့် ထိုးပေးရင် ၉၀% အစွမ်းထက်မှုရှိတယ်လို့ နိုင်ငံတကာမှာ လူတွေနဲ့ စမ်းသပ်ချက်တွေအရ ပြသနေပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55771902

ကိုဗစ်ကာကွယ်ဆေး- အိန္ဒိယထုတ် ကိုဗက်ဆင်းနဲ့ ကိုဗစ်ရှီး ကာကွယ်ဆေးတွေ အကြောင်း  ကိုဗစ်ကာကွယ်ဆေး- အိန္ဒိယထုတ် ကိုဗက်ဆင်းနဲ့ ကိုဗစ်ရှီး ကာကွယ်ဆေးတွေ အကြောင်း Reviewed by THITHTOOLWIN on 01:17 Rating: 5

No comments:

Powered by Blogger.