ကရင်နယ်ခြားစောင့်တပ် နုတ်ထွက်စာတင်လို့ တပ်မတော်နဲ့ ဆွေးနွေးနေ

ကရင်နယ်ခြားစောင့်တပ် နုတ်ထွက်စာတင်လို့ တပ်မတော်နဲ့ ဆွေးနွေးနေ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တွေ စစ်ရေးပြနေစဉ် / Photo: KIC

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGFရဲ့ တပ်ရင်းတပ်ဖွဲ့တွေအားလုံး မနေ့ကပဲ နုတ်ထွက်စာတင်လိုက်ကြပါတယ်။ တပ်မတော်ကနေ သူတို့ အဖွဲ့ရဲ့ ခေါင်းဆောင်တွေအပေါ် ဖိအားတွေပေးနေတာကို မကျေနပ်လို့ အခုလို တစ်ဖွဲ့လုံး နုတ်ထွက်ဖို့ ဆုံးဖြတ်တာလို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ BGF အဖွဲ့ခေါင်းဆောင်တွေနဲ့ တပ်မတော်တို့ ကရင်ပြည်နယ် မြိုင်ကြီးငူမှာ ဒီနေ့ဆွေးနွေးခဲ့ကြပြီး ပြေလည်မှုတွေတော့ မရသေးပါဘူး။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့ခေါင်းဆောင်တွေ တာဝန်ကနေ အနားယူအောင် တပ်မတော်ကနေ ဖိအားပေးလာတဲ့အတွက် BGF တပ်ရင်းတပ်ဖွဲ့တွေ အားလုံး မနေ့ကပဲ နုတ်ထွက်စာတင်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ BGF ရဲ့ တပ်မှုးတစ်ဦးက ပြောပါတယ်။

BGF တပ်ဖွဲ့တွေ နှုတ်ထွက်မှုနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ မြိုင်ကြီးငူဒေသမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကျေနပ်မှုတွေ ရတဲ့အထိ ဆက်ပြီးဆွေးနွေးမှုတွေလုပ်ကြဖို့ နှစ်ဖက်သဘောတူညီခဲ့တယ်လို့ BGFရဲ့ စည်းကမ်းထိမ်းသိန်းရေးနဲ့ လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။ BGFက နုတ်ထွက်ခွင့် တင်ထားတဲ့ အထဲမှာ တပ်နယ် လေးခုက တပ်ရင်း ၁၃ ခု ပါဝင်ပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ စီးပွားရေး မလုပ်ဖို့နဲ့ စီးပွားရေး လုပ်ကိုင်မယ်ဆိုရင် အရပ်ဝတ်နဲ့ပဲလုပ်ဖို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ အခုလပိုင်းမှာ တပ်မတော်က သတိပေးခဲ့ပါတယ်။ အဓိက သတိပေးခံရတဲ့အထဲမှာ BGF တပ်ရင်း ၁၀၂၂ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မှူး စောမုတ်သုန်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနဲ့ တပ်နယ် ၂ က ဗိုလ်မှူးစောတင်ဝင်းတို့ ပါဝင်ပါတယ်။ အဲဒီအထဲက ဗိုလ်မှူး စောမုတ်သုန်ကတော့ ဇန်နဝါရီလ ၈ ရက်နေ့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဆီ နုတ်ထွက်စာတင်ခဲ့ပါတယ်။

BGF အဖွဲ့ခေါင်းဆောင်တချို့ရဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကြောင့် အရေးယူဆောင်ရွက်နေတာဖြစ်ပြီး တစ်ဖက်မှာလည်း BGF နဲ့ ညှိနှိုင်းမှုတွေရှိနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ကရင်ပြည်နယ်အတွင်း ရွှေကုက္ကို စီမံကိန်းဟာ အစိုးရ ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်ခဲ့တာတွေရှိလို့ စီမံကိန်းကို ရပ်ထားကြောင်းနဲ့ ဒီစီမံကိန်းကို အစိုးရအုပ်ချုပ်ရေး ယန္တရားအောက် ထည့်သွင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အခုလ ၈ ရက်နေ့ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပါတယ်။ BGF ဘက်ကတော့ စီးပွားရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တာဟာ BGF တပ်ဖွဲ့ ဝင်တွေ အပါအဝင် ဒေသခံတွေ အလုပ်အကိုင်ရရှိဖို့ ရည်ရွယ်တာလို့ ပြောကြပါတယ်။

အခု ဖြစ်နေတဲ့ပြဿနာဟာ တပ်မတော်နဲ့ BGF တို့အကြားမှာ တိုက်ရိုက်ဖြစ်တဲ့ ပြဿနာမဟုတ်တာကြောင့် နှစ်ဖက်ညှိနှိုင်းရင် ပြေလည်နိုင်တယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အင်စတီကျု MIPS အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ယူဆပါတယ်။

တပ်မတော်ရဲ့လက်အောက်ခံအဖွဲ့အစည်းပုံစံနဲ့ ရပ်တည်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ အကြားမှာ ရေရှည်ပြေလည်မယ့် အခြေအနေမျိုး မတည်ဆောက်နိုင်သရွေ့ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် ပြဿနာတွေကတော့ ရှိနေမှာပဲလို့ မြန်မာ့နိုင်ငံရေး အကဲခတ် ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF ကို ၂၀၁၀ ခုနှစ်၊ သြဂုတ်လမှာ တိုးတက်သော ကရင်အမျိုးသား တပ်မတော် DKBA က တပ်ရင်း ၁၂ ခု၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPFက တပ်ရင်း ၁ ရင်းနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ လက်ရှိမှာ BGFရဲ့ တပ်အင်အား ခုနစ်ထောင်ကျော်လောက်ရှိတယ်လို့ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ RFAကို ပြောထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/bgf-soldiers-resign-01142021235813.html

ကရင်နယ်ခြားစောင့်တပ် နုတ်ထွက်စာတင်လို့ တပ်မတော်နဲ့ ဆွေးနွေးနေ  ကရင်နယ်ခြားစောင့်တပ် နုတ်ထွက်စာတင်လို့ တပ်မတော်နဲ့ ဆွေးနွေးနေ Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.