အနံ့ဆိုးထွက်လို့ ရွှေနဂါးဓါတ်မြေသြဇာစက်ရုံ ပိတ်ပေးဖို့ ဒေသခံတွေ တောင်းဆို


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးနဲ့ မအူပင်ကားမပေါ်က ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံက ထွက်ရှိတဲ့ အနံ့ဆိုး၊ ရေဆိုးနဲ့ အမှုန်တွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်နေတာကို အရေးယူပေးဖို့ ဒေသခံတချို့က ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ဇန်နဝါရီလ ၂၆ ရက် ဒီနေ့မှာ တိုင်းအစိုးရရုံးရှေ့မှာ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။

ဒီအခြေအနေတွေကို ကွင်းဆင်းစစ်ဆေးဖို့ တိုင်းအစိုးရဝန်ကြီး နှစ်ဦးကို လွှတ်ပေးမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဒေသခံတွေကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇင်ဘာလ ၃၁ ရက်နေ့က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တွံတေးမြို့နယ်ဘက် လာရောက်ခဲ့တုန်းက ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံကထွက်တဲ့ အနံ့ဆိုးတွေနဲ့ အမှုန်တွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်နေတာကို အရေးယူပေးဖို့ စာပေးပို့ပြီး တိုင်ကြားထားပေမယ့် ဒီနေ့အချိန်အထိ တစ်စုံတစ်ရာ အရေးယူတာ မရှိသေးလို့ အခုလို လာရောက်တွေ့ဆုံတာလို့ ဒေသခံတွေက ပြောပါတယ်။

တွံတေးမြို့နယ် ကန်ပတ်ရိုးကျေးရွာနဲ့ ထန်းတပင်ကျေးရွာက ဒေသခံ ၃၀ လောက်ဝန်ကြီးချုပ်နဲ့ ဒီကနေ့လာပြီး တွေ့ဆုံခဲ့တာပါ။

စက်ရုံပိတ်သိမ်းပေးစေချင်တယ်လို့ ကန်ပတ်ရိုးရွာသား ဦးကျော်ဇေယျက ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ကတော့ လက်ရှိစက်ရုံ ပိတ်သိမ်းပေးမှကိုဖြစ်မှာ၊ ဘာကြောင့်လဲဆိုတော့ လက်ရှိ သူတို့ပိတ်သိမ်းထားတယ်သာပြောတယ် လက်နဲ့လည်တယ်လို့ပြောတယ်၊ ရေအရင်းအမြစ်က စာထုတ် ထားတယ်နော်၊ ရပ်နားခိုင်းဖို့ ၁၅ ရက်နေ့က၊ သူတို့က ၁၉ ရက်နေ့ မနက်ပိုင်းအထိ စက်ကြီးနဲ့လည် နေတယ်၊ အခုနောက်ပိုင်းလည်း လက်နဲ့လည်မယ်လို့ အသံသဲ့သဲ့ကြားတယ်၊ ဘယ်လိုလုပ်မလဲ လိုက်ပြီး စုံစမ်းလိုက်တော့ အုန်းမွှေးလုံးအသေးစားတွေနဲ့ ရောသမပြီးတော့ အဲလိုလုပ်နေတာ၊ ခပ်လှမ်းလှမ်းက နားထောင်ရင် သဲ့သဲ့လေးပဲကြားရတယ်၊ သူတို့က အဝတွေကိုလည်း အခုဒီရက်ပိုင်းမှာ အကုန်ပိတ် လိုက်ပြီ။"

မြန်မာနိုင်ငံသားပိုင် ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံဟာ ဓာတ်မြေသြဇာတွေ တင်ချတာနဲ့ သိုလှောင်ဖို့ တစ်ခုတည်းအတွက် ငှားရမ်းထားပေမယ့် ဓာတ်မြေသြဇာထုတ်တဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ ဓာတ်မြေသြဇာ ရောစပ်တာ၊ ကြိတ်ခွဲထုတ်ပိုးတာတွေ လုပ်ဆောင်နေတာကြောင့် လုပ်ငန်းတွေရပ်ထားဖို့ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အခုလ ၁၅ ရက်နေ့က အကြောင်းကြားထားပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ အခုရက်ပိုင်းတွေအထိ စက်ရုံလည်ပတ်နေတုန်းပဲလို့ ပြောပါတယ်။

ကုမ္ပဏီက အဲဒီစက်ရုံမြေနေရာမှာ ဓာတ်မြေသြဇာသိုလှောင်ခွင့်လိုင်စင်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရောစပ်၊ သိုလှောင်၊ ထုတ်ပိုးခွင့် လိုင်စင်ထပ်မံလျှောက်ထားဆဲဖြစ်ပြီး လက်ရှိမှာ နိုင်ငံခြားကနေမှာယူတဲ့ ကုန်ကြမ်းတွေကို စက်ရုံထဲမှာပြန်ရောစပ် တံဆိပ်ကပ်ပြီး ထုတ်ပိုးတာသာလုပ်ကိုင်တယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။

ဓာတ်မြေသြဇာစက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် ရွာသူ၊ ရွာသားတွေ ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်စိစပ်စတဲ့ ရောဂါတွေ ခံစားနေရတယ်လို့ ကန်ပတ်ရိုးရွာသူ ဒေါ်စိန်ရီက ပြောပါတယ်။

"မူးတယ်၊ မျက်စိတွေ အာရုံကြောတွေ အားနည်းကုန်တယ် အကြောတွေတက်ပြီးတော့လေ၊ သွေးတိုး သမားတွေ နှလုံးသမားတွေမခံနိုင်ဘူး၊ အဲဒါတစ်ကြောင်း ရေတွေလည်း ဒုက္ခရောက်တာတစ်ကြောင်း၊ သောက်ရေတွေလည်းဒုက္ခရောက် သုံးရေတွေလည်းဒုက္ခရောက်၊ ရွာထဲမှာက အဝိဇိတွင်းရေဆိုတာ တူးနိုင် တဲ့သူလည်းရှိတယ်၊ မတူးနိုင်တဲ့သူလည်းရှိတယ် အဲဒါတွေဒုက္ခရောက်တယ်၊ မီးဖွားပြီးကာစ ကလေးအမေ တွေလည်း ဒုက္ခရောက်ကြရတယ်၊ မူးကြတာ အမြဲအိပ်ချင်သလိုဖြစ်နေတော့ သွေးတက်တာပေါ့၊ အဲလိုတွေ ဖြစ်တယ်၊ တို့ကတော့ ဘယ်လိုဖြစ်စေချင်လဲဆို ပိတ်တာပဲလိုချင်တယ်၊ အပြီးပိတ်ပေးပါပဲ။"

စက်ရုံကထွက်တဲ့ ရေဆိုးတွေဝင်လို့ ရွာရေကန်တွေလည်း ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သောက်သုံးရေကန်ပျက်လို့ ရေလာလှူတာကိုပဲ မှီခိုနေရပြီး ကွမ်းခြံတွေလည်း စိုက်ပျိုးရေ မရဖြစ်နေတယ်လို့ ဒေါ်စိန်ရီက ဆိုပါတယ်။

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံရဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာနရဲ့ စီမံခန့်ခွဲရေးမှူး ဦးစန်းထွန်းဦးကတော့ ဒေသခံတွေနဲ့ နားလည်မှုလွဲနေတာသာဖြစ်ပြီး စက်ရုံအနေနဲ့ ဌာနဆိုင်ရာညွန်ကြားချက်တွေအတိုင်းပဲ လုပ်ဆောင်နေတယ်လို့ RFA ကို တုံ့ပြန်ပါတယ်။

"ရွာသားတွေနဲ့ နားလည်မှုလွဲနေတယ်ဗျ၊ ကျွန်တော်တို့က တရားမဝင်လာလုပ်တယ် သူတို့က အဲလိုယူဆ တာဗျ၊ ကျွန်တော်တို့ဆီမှာတော့ ဌာနဆိုင်ရာနဲ့ပတ်သက်နဲ့ ခွင့်ပြုချက်တွေ အကုန်ယူပြီးမှလုပ်တာပေါ့၊ ဒါကတော့ ကျွန်တော်တို့ဘက်က သက်ဆိုင်ရာ ရပ်ရွာအဖွဲ့အစည်းတွေကို ရှင်းမပြမိတာ ကိုယ့်အားနည်း ချက်ဖြစ်သွားတာပေါ့၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လာစစ်တယ် ဘာလိုတယ် လိုအပ်တာလုပ်ပေး မယ်၊ သူတို့လာစစ်တဲ့အခါကြတော့ သမာသမတ်ကျတာပေါ့၊ ကုမ္ပဏီဘက်ကလည်း ဘာတွေအားနည်း ချက်ရှိတယ်၊ ဘယ်လိုလုပ်ရမယ် သူတို့ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့ ဆက်လုပ်သွားတော့ ပိုကောင်းတာပေါ့၊ အခုကတော့ ဌာနဆိုင်ရာက ရပ်ဆိုကတည်းက ကျွန်တော်တို့လည်း ရပ်ထားတယ် လေ။"

ဒီစက်ရုံဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိဘူးဆိုတဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ထောက်ခံချက် မရသေးတဲ့ စက်ရုံပါ။

ထောက်ခံချက်ရဖို့ လုပ်ဆောင်နေတာ တစ်နှစ်လောက်ရှိပြီဖြစ်ပြီး ကပ်ဘေးကြောင့် ကြန့်ကြာနေတာ ဖြစ်တယ်လို့ ဦးစန်းထွန်းဦးက ပြောပါတယ်။

ဒေသခံတွေကတော့ စိုက်ပျိုးရေးခြံတွေပျက်စီးပြီး ကျန်းမာရေးထိခိုက်မှုတွေရှိလို့ စက်ရုံပိတ်သိမ်းဖို့ကိုပဲ လိုလားတယ်လို့ ကျေးရွာဒေခံလည်းဖြစ် ပြည်သူ့ပါတီရဲ့ ရန်ကုန်တိုင်း အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးရဲဝင်းထွဋ်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ကတော့ နံပါတ်တစ် စက်ရုံပိတ်သိမ်းရေးပဲ၊ စက်ရုံပိတ်သိမ်းပေးရမယ်၊ ဒီစက်ရုံက ဥပဒေနဲ့ မညီညွတ်ဘူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ထောက်ခံချက် အီးစီစီ လုံးဝမရှိဘဲ လည်ပတ်နေ တာဖြစ်တဲ့အတွက် ဒီစက်ရုံကို ချက်ခြင်းပိတ်သိမ်းပေးရမယ်၊ နံပါတ်နှစ်ကတော့ အဲဒီကျေးရွာမှာ ပျက်စီး သွားတဲ့ သောက်သုံးရေကန်ကို သောက်သုံးလို့ရတဲ့ အနေအထားအထိ ပြန်ပြီးတော့ ဆောင်ရွက်ပေးရမယ်၊ ပျက်စီးသွားတဲ့ စိုက်ပျိုးရေးကွမ်းခြံပိုင်ရှင်ကို စိုက်ပျိုးထုတ်လုပ်စရိတ် သီးနှံလျော်ကြေး အစိုးရဘက်က ပြန်ပြီးလျှော်ကြေးပေးရမယ်၊ နောက်တစ်ချက်ကတော့ စက်ရုံနဲ့ပတ်သက်လို့ ဥပဒေကိုချိုးဖောက်ပြီး လည်ပတ်ခဲ့တာဖြစ်တဲ့အတွက် စိစစ်ပြီးတော့ အရေးယူပေးရပါမယ်။"

စက်ရုံကို ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် အခုလ ၁၅ ရက်နေ့ကတည်းက ထုတ်ပိုးမှုတွေကို ရပ်ဆိုင်းခိုင်းထားတယ်လို့ ရန်ကုန်တိုင်း ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က RFA ကို ဒီနေ့ ပြောပါတယ်။

"ပိတ်တာတော့ မဟုတ်ဘူးဗျ ရပ်ထားဖို့ပြောတာဗျ၊ ရပ်ဆိုင်းထားဖို့ပေါ့၊ ရပ်ဆိုင်းခိုင်းတယ်ဆိုတာ သူတို့ ထုပ်ပိုးတယ်ဆိုတာကို ရပ်ခိုင်းတာဗျ ကျန်တဲ့ဟာတော့ သူ့ဘာသာသူလုပ်လို့ရတယ်ဗျ၊ သူတို့ထုပ်ပိုးကြိတ် ခွဲတာတွေ ရပ်ဆိုင်းဖို့ သူတို့ကရောစပ်တာပေါ့နော် ရောစပ်တာတွေ ရပ်ဆိုင်းဖို့ပဲ ညွှန်ကြားထားတာပါ ဟုတ်ကဲ့၊ ဆက်ပြီးတော့ လည်နေတယ်ဆိုရင်တော့ သူတို့သဘော သူတို့ဆောင်မှာပေါ့ဗျာ ပြောရရင်။"

ဒီနေ့ ရန်ကုန်တိုင်းအစိုးရရုံးအဝင်ဝမှာ ဝန်ကြီးချုပ်ကို လာရောက်တွေ့ဆုံကြတဲ့ တွံတေးမြို့နယ် ကန်ပတ်ရိုးကျေးရွာနဲ့ ထန်းတပင်ကျေးရွာက ဒေသခံ ၃၀ လောက်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဓာတ်မြေသြဇာစက်ရုံကို ကွင်းဆင်းစစ်ဆေးဖို့ မနက်ဖြန် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ တိုင်းအစိုးရ ဝန်ကြီး နှစ်ယောက်ကို စေလွှတ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့ကျရင်လည်း ဝန်ကြီးချုပ် ကိုယ်တိုင် ဒေသခံတွေနဲ့ ထပ်ပြီးတွေ့ဆုံမယ်လို့ ကတိပေးခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/complain-to-pm-to-take-action-shwenagar-cement-plant-01262021012407.html

အနံ့ဆိုးထွက်လို့ ရွှေနဂါးဓါတ်မြေသြဇာစက်ရုံ ပိတ်ပေးဖို့ ဒေသခံတွေ တောင်းဆို အနံ့ဆိုးထွက်လို့ ရွှေနဂါးဓါတ်မြေသြဇာစက်ရုံ ပိတ်ပေးဖို့ ဒေသခံတွေ တောင်းဆို Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.