အစိုးရသစ်ဖွဲ့ဖို့ ဖေဖော်ဝါရီလမှာ လွှတ်တော်သစ်တွေ စတင်မည် နေပြည်တော်က ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ၂ဝ၂ဝ မေ ၁၈ ရက်နေ့က တွေ့ရစဉ် / Photo: Thiha Tun/RFA
အစိုးရသစ်ဖွဲ့စည်းရေး၊ လွှတ်တော်အကြီးအကဲတွေ ရွေးချယ်ရေး လုပ်ငန်းတွေ ပါဝင်မယ့် တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပတော့မှာပါ။
ဒီအစည်းအဝေးတွေမှာ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေ ကျမ်းကျိန်တာ၊ လွှတ်တော်အကြီးအမှူးတွေ ရွေးချယ်တာ၊ လွှတ်တော်ကော်မတီတွေ ဖွဲ့စည်းတာ၊ လွှတ်တော်အဟောင်းနဲ့အသစ်ကြား လွှဲပြောင်းယူရေး လုပ်ငန်းတွေကို ဆောင်ရွက်မှာပါ။
အဲဒီနောက်မှာတော့ သမ္မတရွေးချယ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ အမည်စာရင်း တင်သွင်းတာကို လွှတ်တော်က အတည်ပြုပေးရမှာဖြစ်တယ်လို့ NLD ပါတီဝင်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ဝန်ထမ်းတွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးမှာဖြစ်သလို ကပ်ရောဂါကာလ စည်းကမ်းချက်တွေနဲ့အညီ လွှတ်တော် ကျင်းပသွားမယ်လို့လည်း ဒေါက်တာလှမိုးက ပြောပါတယ်။
လွှတ်တော်သစ်ကို တက်ရောက်ရမယ့် ကိုယ်စားလှယ်တွေဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ထက် နောက်မကျဘဲ သတ်မှတ်ထားတဲ့ သတင်းပို့လက်ခံဌာနတွေကို အကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲမှာ ပြည်ထောင်စု လွှတ်တော်နေရာအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လွှတ်တော်ကိုယ်စားလှယ် ၃၉၆ ဦး အနိုင်ရရှိထားပြီး အတိုက်အခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) က ၃၃ ဦး အနိုင်ရထားပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မဲရလဒ်ကို မကျေနပ်တဲ့ ပါတီတချို့နဲ့ လွှတ်တော် ကိုယ်စားလှယ် တချို့က ဖေဖော်ဝါရီလ ၁ ရက်နေ့ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေကို မတက်ရောက်ဘဲ ကန့်ကွက်မယ်ဆိုပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတချို့လည်း ထွက်ပေါ်နေပါတယ်။
အခြေခံဥပဒေမှာ အစည်းအဝေး ပထမနေ့မှာ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဦးရေ တက်ရောက်ရင် အဲဒီအစည်းအဝေး အထမြောက်တယ်လို့ ပြဌာန်းထားပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/myanmar-new-parliament-01072021023401.html

No comments:
Post a Comment