ဦးဝီရသူရုံးထုတ်ရေး ဆန္ဒပြခဲ့တဲ့ သံဃာနဲ့လူအချို့ကို ရဲစခန်း ၂ခုက အမှုဖွင့်ထား

ဆန္ဒပြခဲ့တဲ့ သံဃာနဲ့လူအချို့ကိုလမ်းမတော်နဲ့ အင်းစိန်ရဲစခန်း တွေမှာ ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ ၊ ၂၀ အပါအဝင် ပုဒ်မ ၄ခုနဲ့ အသီးသီးအမှုဖွင့်ထား

ဦးဝီရသူအပါအဝင် အမျိုးသားရေးလှုပ်ရှားသူတွေကို ရုံးထုတ်စစ်ဆေးပေးဖို့ ဆန္ဒပြမှုတွေကြောင့် ဦးဆောင် သူ သံဃာတော် (၃)ပါးနဲ့ အမျိုးသားရေးလှုပ်ရှားသူ (၅)ဦးတို့ကို လမ်းမတော်နဲ့ အင်းစိန်ရဲစခန်း တွေမှာ ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ ၊ ၂၀ အပါအဝင် ပုဒ်မ ၄ခုနဲ့ အသီးသီးအမှုဖွင့်ထားတယ်လို့ နှစ်နေရာစလုံးမှာ အမှုဖွင့်ခံထားရတဲ့ ဆရာတော်ဦးပညာဝံသက ဘီဘီစီကို မိန့်ပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့က အင်းစိန်ထောင်ရှေ့မှာ ဆန္ဒထုတ်ဖော်မှုနဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က အနောက်ပိုင်း ခရိုင်တရားရုံးမှာ ကမ်ပိန်းလုပ်တောင်းဆိုမှုတွေကြောင့် သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေက အသီးသီးအမှု ဖွင့်ခဲ့တာဖြစ်ပါတယ်။

' ' အင်းစိန်ရှေ့မှာ အဖမ်းခံရတဲ့ ကိုဝင်းထွေးကိုတော့ ပုဒ်မ ၃ခုနဲ့ဖွင့်ထားတယ်လို့သိရတယ်။ အင်းစိန်မှာ တော့ ဆရာတော်ဦးပညာဝံသရယ် တောင်သာလေးဆရာတော် ဦးအဂ္ဂဓဇ ရယ်ပေါ့။ ရဲစခန်းကတော့ မနေ့ က ၁၅ ရက်နေ့မှာ ပုဒ်မ ၂၀ နဲ့အမှုဖွင့်ထားတဲ့အပေါ်ခေါ်ပြီးစစ်ချက်ယူတယ်။ ထွက်ချက်ယူပြီးရင်တော့ ရုံးထုတ်ပြီး စစ်ဆေးမယ်ပေါ့။ ဘယ်နေ့ တရားရုံးတင် မယ်ဆိုတာတော့ မသိရသေးဘူး။ ဖုန်းနံပါတ်တွေတော့ယူထားတယ်။''လို့ အင်းစိန်ထောင်ရှေ့မှာ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အမှုဖွင့်ခံထားရသူ ဦးသက်မျိုးဦးက ပြောပြပါတယ်။

ဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးရေးအတွက် အင်းစိန်ထောင်ရှေ့မှာ ဇန်နဝါရီ ၁၆ ရက်နေ့ကတောင်းဆိုခဲ့ကြ

အလားတူ အမှုဖွင့်ခံထားရတဲ့ ဆရာတော်ဦးပညာဝံသက အင်းစိန်ရဲစခန်းမှာ သွားရောက်အစစ်ခံရာမှာ ၂ပတ်အတွင်း တရားရုံးတင်နိုင်ဖို့နဲ့ အထက်ကိုပြန်လည်တင်ပြသွားဖို့ အင်းစိန် ရဲစခန်းက တာဝန်ကျအရာရှိတွေက ပြန်လည်ပြောဆိုခဲ့တယ်လို့ မိန့်ပါတယ်။

' ' ဦးဇင်းတို့ကတော့ နိုင်ငံသားအခွင့်အရေးနဲ့အညီ အင်းစိန်ထောင်ရှေ့မှာ ပြဖို့အတွက် လျှောက်ထား ခဲ့တယ်။ မပေးတာကတော့ရဲအပိုင်းပေါ့။ ဦးဇင်းတို့ကတော့ ဥပဒေအညီပေါ့ လျှောက်ထားခဲ့တယ်။ အဲဒီပေါ်မှာ ကြမ်းတမ်းစွာ ဒီလိုလုပ်တဲ့အပေါ်မှာ ရှုတ်ချခဲ့တယ်''လို့ ဇန်နဝါရီ ၁၇ ရက်နေ့က အင်းစိန်ရဲစခန်းမှာ သွားရောက်အစစ်ခံခဲ့တဲ့အခြေအနေကို ထပ်မံ မိန့်ကြားပါတယ်။

အင်းစိန်ထောင်ရှေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာမှာ ဖမ်းဆီးခံရတဲ့ ဦးဝင်းထွေးကို ပုဒ်မ ၃ခုနဲ့ အမှုဖွင့်ထား

ဒါ့အပြင် ဆရာတော်ဦးပညာဝံသ၊ ဦးတေဇဝန္တနဲ့ ဦးသက်မျိုးဦး၊ ဦးမင်းမင်း၊ ဦးထွန်းကျော်၊ဦးစိုးပိုင်တို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ရက်နေ့က ဆရာတော်ဦးဝီရသူကို အွန်လိုင်းကတဆင့်သာ ရုံးထုတ်စစ်ဆေးခဲ့တဲ့အပေါ် လက်မခံနိုင်တဲ့အတွက် အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးရေးအတွက် ကမ်ပိန်းလုပ် တောင်းဆိုမှုကြောင့် ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ နဲ့ အမှုဖွင့် ထားတယ်လို့လည်း သိရပါတယ်။

' ' လမ်းမတော်ကတော့ ငြိမ်း၊စု၊စီ မတင်လို့ဆိုပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ စွဲထားတယ်။ ၂၁ ရက်နေ့မှာ တရားရုံးတင်မယ်လို့တော့ ရဲစခန်းကပြောတယ်။''လို့ ဦးတေဇဝန္တက မိန့်ပါတယ်။

ရဟန်းသံဃာအချို့နဲ့ လူပုဂိုလ်အချို့ ရည်ညွန်းဆန္ဒပြနေတဲ့ အမျိုးသားရေးဦးဆောင်ဆရာတော်တစ်ပါးလို့ လူသိများတဲ့ ဆရာတော်ဦးဝီရသူဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီနဲ့မေလတုံးက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ နဲ့ မြိတ်မြို့တွေမှာ ဟောပြောမှုတချို့မှာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့စကားလုံးတွေထည့်သွင်း ဟောကြားခဲ့တယ်ဆိုပြီး အမှုဖွင့် ဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။

အာဏာပိုင်အဖွဲ့ရဲ့ ဝရမ်းထုတ်ခံရပြီး တစ်နှစ်ကျော်အကြာ နိုဝင်ဘာ ၂ ရက်နေ့မှာ ရန်ကုန်အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။

' ' အဓိကကတော့ ရုံးထုတ်တဲ့သူကျထုတ်တယ်။ မထုတ်တဲ့သူကျ မထုတ်ဘူး။ အားလုံးကိုတပြေးညီ ဖြစ်စေချင်တာ။ နိုင်ငံရေးပုဒ်မတွေကို ရုံးထုတ်စစ်ဆေးမယ်ဆို အားလုံးကိုထုတ်။ အပြစ်ရှိတယ် မရှိဘူး စစ်၊ ခုခံချေပခွင့်ရရမယ်။ အခုက ထောင်ထဲ ချထားတာပဲရှိတယ်။ ဆရာတော်ဦးဝီရသူ အပါအဝင် ဘူးလက်တို့ တခြား အမျိုးသားရေးအတွက်ကျနေတဲ့သူတွေရှိတယ်။ အခုကသူတို့က တရားစွဲမှာပဲဆိုတော့ ကျွန်တော်တို့ ကတော့ ကိုယ့်ဆရာတော်အတွက် အပတ်တိုင်း ငြိမ်းစုစီတင်ပြီး ဆက်ဝန်းရံသွားရမှာပဲ။လို့ မြို့နယ် ၂ခုမှာ အမှုဖွင့်စွဲဆိုခံထားရသူ ဦးသက်မျိုးဦးက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55700409

ဦးဝီရသူရုံးထုတ်ရေး ဆန္ဒပြခဲ့တဲ့ သံဃာနဲ့လူအချို့ကို ရဲစခန်း ၂ခုက အမှုဖွင့်ထား  ဦးဝီရသူရုံးထုတ်ရေး ဆန္ဒပြခဲ့တဲ့ သံဃာနဲ့လူအချို့ကို ရဲစခန်း ၂ခုက အမှုဖွင့်ထား Reviewed by THITHTOOLWIN on 22:01 Rating: 5

No comments:

Powered by Blogger.