မလေးရှားရောက်မြန်မာတွေ ကိုဗစ်စည်းကမ်းချက် လိုက်နာဖို့လိုအပ်

မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ ကန့်သတ်ချက်တွေ တိုးမြှင့်လိုက်တာကြောင့် မြန်မာနိုင်ငံသားတွေကြား သတိထားကြဖို့ မြန်မာသံရုံး တာဝန်ရှိသူတွေ ပြင်ဆင်နေတဲ့အကြောင်း တင်ဆက်ပေးမှာပါ၊ VOA သတင်းထောက် ကိုဇော်ထက် ပြောပြမှာပါ။

တနင်္လာနေ့ တရက်တည်းမှာတင် ကိုဗစ်ကူးစက်သူ ၂၀၀၀ ကျော်နဲ့ သေဆုံးသူ ၄ယောက် ရှိလာချိန် မလေးရှားအစိုးရဟာ ကပ်ရောဂါအရေးပေါ် ထိန်းချုပ်ဖို့အတွက် အဓိကမြို့ကြီး ၆ မြို့ကို ဇန်နဝါရီလ ၁၃ ရက်ကစပြီး အသွားအလာကန့်သတ်ဖို့ မလေးရှားဝန်ကြီးချုပ်က ကြေညာလိုက်တာပါ။ မလိုအပ်ရင် အပြင်မထွက်ဖို့ ကန့်သတ်တာတွေ ပါဝင်မယ့် အစီအစဉ်ကို မြန်မာနိုင်ငံသားတွေ လိုက်နာဖို့ မြန်မာသံရုံးအနေနဲ့ လိုအပ်သလို သတင်းထုတ်ပြန်သွားဖို့ရှိကြောင်း အလုပ်သမားသံအရာရှိ ဦးဘုန်းထက်က ဗွီအိုအေကို ပြောပါတယ်။

“ ဟုတ်ကဲ့ ၁၃ ရက်ကစပါမယ်၊ အခုကတော့ တော်တော်များများ မြို့တိုင်းလိုလို ပါပါတယ် lockdown က၊ အခုလောလောဆယ်တော့ အသေးစိတ်တော့ မပြောသေးဘူး၊ သူကလည်း မလေးရှားကလည်း ဒီနေ့မှ ကြေညာတာဆိုတော့ ဒီသံရုံးဘက်ကလည်း အဲဒီကိစ္စကို ပြန်ပြီးတော့ ထုတ်ပြန်ပေးမယ် ထင်ပါတယ်။”

မလေးရှားနိုင်ငံက ချမှတ်ထားတဲ့ ကိုဗစ်တားဆီးရေး လမ်းညွှန်ချက်တွေအရ မြန်မာသံရုံးကလည်း နိုင်ငံကူးလက်မှတ်၊ ခရီးသွားလက်မှတ် CI ကိစ္စတွေနဲ့ ကောင်စစ်ဆိုင်ရာ လုပ်ငန်းတွေကို ဒီနေ့ ဇန်နဝါရီ ၁၁ ရက်ကစပြီး တပတ်ကြာ ယာယီရပ်နားထားမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံသားတွေ အများအပြားရှိတဲ့ မလေးရှားနိုင်ငံ ပူထရာဂျာရာ၊ ဆလန်ကော၊ မလာကာ၊ ကွာလာလမ်ပူ၊ ပီနန်၊ ဂျိုဟိုး၊ ဆာဘား ဒေသတွေမှာ ရောဂါထိန်းချုပ်ရေး တင်းတင်းကြပ်ကြပ် ကန့်သတ်သွားဖို့ ရှိတာကြောင့် မြန်မာအလုပ်သမားတွေကို သတိပေးထားကြောင်း ‘ မလေးရှား အခြေစိုက် ကပုန်း’ မြန်မာလူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ အဲဒီလို ( lockdown) နှစ်ပတ်ချတဲ့အပြင် သူတို့တွေက ဒီ လှုပ်ရှားသွားလာမှုကို ၁၀ ကီလိုမီတာကျော်ပြီး ဘယ်သူမှ ပိုပြီးသွားလို့ မရဘူး၊ အဲဒီ ဧရိယာမှာ နေတဲ့သူတွေက။ စျေးဝယ်ရင်လည်း တယောက်တည်းပဲ သွားဝယ်ရမယ်၊ အရေးပေါ်ကိစ္စကြုံရင် ကားတစီးကို ၂ယောက်ပဲ စီးလို့ရမယ်၊ ပိုစီးရင် movement control order ရဲ့ သတ်မှတ်တဲ့ အက်ဥပဒေအရ အရေးယူခံရမယ်ပေါ့။”

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ စီးပွားရေးလုပ်ငန်းတွေ နှေးကွေးနေပြီး အထောက်အထား မပြည့်စုံတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီးအရေးယူတာတွေလည်း များနေလို့ နေရပ်ပြန်တဲ့ မြန်မာလုပ်သားတွေ များနေကြောင်း ဦးဆန်းဝင်းက ပြောပါတယ်။

မလေးရှားအစိုးရက ဇန်နဝါရီ ၂၁ရက်ကစပြီး ကျန်းမာရေး စေတနာ့ဝန်ထမ်း အယောက် ၃၀၀၀ အကူအညီနဲ့ သူ့နိုင်ငံအတွင်းမှာ ကိုဗစ်ကာကွယ်ဆေး စပြီးထိုးတော့မှာပါ။ မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၅၀ ကျော်နဲ့ ကူးစက်သူ ၁၃၈၀၀၀ ကျော်ရှိပါတယ်။


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/malaysia-lockdown-myanmar-migrant-need-to-follow-/5733950.html

မလေးရှားရောက်မြန်မာတွေ ကိုဗစ်စည်းကမ်းချက် လိုက်နာဖို့လိုအပ် မလေးရှားရောက်မြန်မာတွေ ကိုဗစ်စည်းကမ်းချက် လိုက်နာဖို့လိုအပ် Reviewed by THITHTOOLWIN on 09:44 Rating: 5

No comments:

Powered by Blogger.