မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ သံရုံးတွေက စိုးရိမ်ကြောင်းပြော

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး အလွန် စိုးရိမ်မကင်းဖြစ်ရတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတားရက်စ်က ပြောပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီလ ၂၈ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စတာ အန်တိုနီယိုဂူတာရက်စ်က သက်ဆိုင်သူတွေ အားလုံးအနေနဲ့ လှုံ့ဆော်တာတွေ၊ ဒေါသ အမျက်ထွက်အောင် တိုက်တွန်း အားပေးတာတွေကို မပြုလုပ်ကြဖို့၊ ခေါင်းဆောင်ပီသမှုကိုပြသကြဖို့၊ ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို လိုက်နာစောင့်ထိန်းဖို့နဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို လေးစားကြဖို့ တိုက်တွန်းကြောင်းလည်း ရေးသားထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို တရားဝင်တည်ရှိနေတဲ့ တရားစီရင်ရေး ယန္တရားတွေနဲ့ ဆုံးဖြတ်သင့်တယ်လို့လည်း မစ္စတာ ဂူတားရက်စ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မဲစာရင်းတွေလွဲမှားနေတယ်လို့ ထောက်ပြပြီး ရွေးကောက်ပွဲ မဲမသမာတာတွေ ရှိတယ်လို့ တပ်မတော်က စွပ်စွဲနေကာ၊ တပ်မတော်က အာဏာသိမ်းရင် ရတယ်ဆိုတဲ့ သဘောမျိုး ရည်ညွှန်းပြောဆိုတာတွေကို တပ်မတော်ထိပ်တန်းအရာရှိကြီးတွေက ပြောလာခဲ့တဲ့နောက် မြန်မာပြည်နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတဝန်းမှာ စိုးရိမ်ပူပန်တာတွေ ဖြစ်ပေါ်နေပါတယ်။

ဇန်နဝါရီ ၂၉ ရက်မှာ သမ္မတကို တရားစွဲတဲ့ စာချွန်တော်အမိန့်လက်ခံဖို့သင့်မသင့်ကြားနာဖို့ရှိနေပြီး နေပြည်တော်က အစိုးရရုံးတွေ သွားရာလမ်းတွေမှာ လုံခြုံရေးထူထပ်စွာချထား

ဒီလိုကာလမှာ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်ထွက်ပေါ်လာသလို မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေကလည်း တပ်မတော်နဲ့ တခြားလူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံး ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာစောင့်ထိန်းဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံတွေရဲ့ သံရုံးတွေက ဇန်နဝါရီ ၂၉ ရက်က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ "ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲရန် သို့မဟုတ် မြန်မာ့ ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန်အလို့ငှာ မည်သို့သော ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို မိမိတို့ ဆန့်ကျင်ကန့်ကွက်ပါသည်။ မြန်မာ နိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော ဒီမိုကရက်တစ်လွတ်လပ်မှု၊ အဓွန့်ရှည် တည်တံ့သောငြိမ်းချမ်းမှု နှင့် အားလုံးပါဝင်သော သာယာဝပြောမှု အတွက်ရှေ့ရှု လုပ်ဆောင်နေကြသူအားလုံးကို မိမိတို့ အားပေး ထောက်ခံ ပါသည်" လို့ ဖော်ပြ ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U.S. Embassy Rangoon

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးသောင်းအေးက တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းအမှန်ပေါ်ရှိစေချင်လို့ လုပ်ဆောင်နေတာ ဖြစ်ပြီး အခုလို ပြောဆိုနေတာတွေက တစ်ဖက်သတ်ဆန်လွန်းတယ်လို့ ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ညှိနှိုင်းအဖြေရှာသင့်တယ်၊ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက တစ်ဆင့်အဖြရှာတာ ဒါမှမဟုတ် နိုင်ငံတော်အတိုင်ပင်ခံနဲ့ တပ်မတော် ခေါင်းဆောင်တို့ ညှိနှိုင်းပြီး ထွက်ပေါက်ရှာတာတွေကို လုပ်ဆောင်သင့်တယ်လို့ ဆိုပြီး အဲဒီအစား ပြင်ပက ပြောဆိုတာမျိုးကို မကြိုက်နှစ်သက်ဘူးလို့လည်း ပြောပါတယ်။

အာဏာရပါတီလည်းဖြစ်၊ ၂၀၂၀ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေအတိုင်း ဖေဖော်ဝါရီ ၁ရက်နေ့မှာ လွှတ်တော်တွေခေါ်ဖို့ ပြင်ဆင်လုပ်ဆောင်နေတယ်လို့ ပါတီရဲ့ဒုဥက္ကဌဒေါက်တာဇော်မြင့်မောင်က မီဒီယာတွေကို ပြောထားပါ တယ်။


BBC Burmese

https://www.bbc.com/burmese/burma-55857860

မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ သံရုံးတွေက စိုးရိမ်ကြောင်းပြော  မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ သံရုံးတွေက စိုးရိမ်ကြောင်းပြော Reviewed by THITHTOOLWIN on 22:52 Rating: 5

No comments:

Powered by Blogger.