ငါးနှစ်အတွင်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘီလီယံ တစ်ထောင်ကျော် သုံးစွဲ

ငါးနှစ်အတွင်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘီလီယံ တစ်ထောင်ကျော် သုံးစွဲ စစ်တွေမြို့မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို ၂၀၂၀၁ ဇန်နဝါရီ ၄ရက်‌နေ့က တွေ့ရစဉ် / Photo: Min Thein Aung/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ငါးနှစ်သက်တမ်းအတွင်း ရခိုင်ပြည်နယ်မှာ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးစတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ငွေကျပ် ဘီလီယံ တစ်ထောင်ကျော် သုံးစွဲခဲ့တယ်လို့ ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒါဟာပြီးခဲ့တဲ့ အစိုးရလက်ထက်ကထက် ဘီလီယံ ၄၆၀ ကျော် ပိုမိုသုံးစွဲခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုသုံးစွဲနိုင်တာဟာ အရင်ထက် အခွန်ငွေတွေနဲ့ ပြည်ထောင်စုအစိုးရထံက ထောက်ပံ့ငွေ ပိုမိုရရှိတာကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရငွေ ကျပ် ၅၃၅ ဘီလီယံကျော်ရှိခဲ့ပြီး လက်ရှိ အစိုးရလက်ထက်မှာ ၉၉၉ ဘီလီယံကျော် ရှိခဲ့တာဖြစ်ပါတယ်။ အစိုးရနှစ်ဆက်လုံး ရငွေထက် သုံးစွဲငွေက ပိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က သုံးစွဲငွေ ၅၃၈ ဘီလီယံကျော် ရှိခဲ့ပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှု၊ ပြန်လည်နေရာ ချထားရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပြည်ထောင်စုအစိုးရက ကျပ်သန်း ၇၄၀၀ ကျော်၊ တိုင်းနဲ့ ပြည်နယ်အစိုးရတွေက ကျပ်သန်း ၁၂၇၀ ကျော်၊ ဌာနဆိုင်ရာတွေက ကျပ်သန်း ၂၇၂၀ ကျော်၊ CB နဲ့ KBZ ဘဏ်တွေက ၂၁၅ သန်း၊ ပုပ်ရဟန်းမင်းကြီးက ၁၃၃ သန်း၊ ပြည်နယ်အစိုးရရန်ပုံငွေက သန်း ၃၀ ကျော် စုစုပေါင်း ၁၁.၈၇၄ ဘီလီယံ ရရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်က ၈၂၂ သန်းလှူဒါန်းထားပြီး ဒီငွေတွေကိုလည်း စစ်ဘေးဒုက္ခသည်စခန်းတွေ ဆောက်လုပ်တာနဲ့ စခန်းနေထိုင်သူတွေကို စားနပ်ရိက္ခာပေးဝေတာတွေမှာ သုံးစွဲနေတယ်လို့ ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို နေ့စဉ် တစ်ဦးကို ဆန်နှစ်ဗူးစီ ထောက်ပံ့ပေးနေတယ် လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

တိုက်ပွဲကြောင့် သေဆုံးခဲ့သူ ၁၈၃ ဦး၊ ဒဏ်ရာရသူက ၆၅၄ ဦး၊ မိုင်းထိလို့ သေဆုံးသူက အယောက် ၄၀၊ မိုင်းထိလို့ ဒဏ်ရာရသူက ၇၄ ဦး၊ အမည်မသိအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၆ ဦး၊ ဒဏ်ရာရသူက ရှစ်ဦးနဲ့ ဖမ်းဆီးခံထားရသူတွေ ရှိနေတယ်လို့လည်း NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် သေဆုံး၊ ဒဏ်ရာရသူစာရင်းကို သူက ထည့်သွင်းပြောသွားပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရတော့ တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ အခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ သေဆုံးခဲ့တဲ့ အရပ်သား ၃၀၈ ဦး၊ ဒဏ်ရာရသူ ၇၁၂ ဦးခန့်ရှိနေပြီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/over-one-billion-spent-on-rakhine-state-development-in-five-years-01112021051145.html

ငါးနှစ်အတွင်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘီလီယံ တစ်ထောင်ကျော် သုံးစွဲ  ငါးနှစ်အတွင်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘီလီယံ တစ်ထောင်ကျော် သုံးစွဲ Reviewed by THITHTOOLWIN on 20:00 Rating: 5

No comments:

Powered by Blogger.