ကျောက်မဲမြို့ရှိ စားသောက်ဆိုင်အား လက်နက်ကိုင် လူနှစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဆိုင်ထိုင် စားသောက်သူ အမျိုးသား၂ ဦး ဒဏ်ရာရရှိ


ကျောက်မဲ   ဇန်နဝါရီ    ၂၆

 ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ၊ အမှတ် ၈ ရပ်ကွက်၊ နယ်မြေ ၂ ရှိ M2K စားသောက်ဆိုင်အား ယမန်နေ့ ည ၉ နာရီခန့်က ဆိုင်ကယ် စီးနင်းလာသူ ၂ ဦး မှ လက်နက်ငယ်ပစ်ခတ်မှုကြောင့်  ဆိုင်ထိုင်စားသောက်နေသူ အမျိုးသား၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ M2K ဆိုင်၏ အရှေ့ဖက် အပြင်ဝိုင်းတွင် လူငယ် ၄ ဦးက စားသောက်ကာ စကားပြောနေကြစဉ် ကျောက်မဲကြီးဘက်မှ မြို့တွင်းဘက်သို့ အောင်းဆန်းလမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ်မှ  အမည်မသိ အမျိုးသား ၂ ဦးသည် လက်နက်ငယ်ဖြင့်  ဆိုင်ဘက်သို့ ၇ ချက် ပစ်ခတ်ခဲ့ပြီးနောက် မြို့တွင်းဘက်သို့ ဆက်လက်မောင်းထွက်သွားကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နေသူ အီလန် ကုမ္ပဏီ ဝန်ထမ်းများဖြစ်သည့် လှိုင်းကျော်ထွန်း (၂၀ နှစ်)၏ ယာဖက်ပေါင်ရင်းတွင် ကျည်ဖောက်ဝင်ရာ ၁ ချက် ၊ ဝဲဖက်တင်ပါး ကျည်ဖောက်ဝင်ရာ ၁ ချက် ရရှိခဲ့ပြီး  အောင်သိန်းစိုး (ခ)သိန်းစိုး( ၂၀ နှစ်) ၏ ဝဲဖက်ခြေကျင်းဝတ်တွင် ကျည်ဖောက်ဝင်ရာတစ်ချက်တို့ ရရှိခဲ့ပြီး ကျောက်မဲခရိုင် ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်စဉ်တွင် ပစ်ခတ်မှု ဖြစ်ပွားရာ နေရာဝန်းကျင်၌  38 Super စာတမ်းပါသည့် ကျည်ဆံအခွံ ၇ ခုကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း နှင့် ဖြစ်စဉ်အား ဆက်လက် စုံစမ်း စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။


မိုင်းထွန်း (ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ကျောက်မဲမြို့ရှိ စားသောက်ဆိုင်အား လက်နက်ကိုင် လူနှစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဆိုင်ထိုင် စားသောက်သူ အမျိုးသား၂ ဦး ဒဏ်ရာရရှိ ကျောက်မဲမြို့ရှိ စားသောက်ဆိုင်အား လက်နက်ကိုင် လူနှစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဆိုင်ထိုင် စားသောက်သူ အမျိုးသား၂ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:12 Rating: 5

No comments:

Powered by Blogger.