၂၀၂၀ မြန်မာရွေးကောက်ပွဲ - အငြင်းပွားမှုတွေနဲ့ စာချွန်တော်မှု ဂယက်

ရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရကို ကန့်ကွက်ဆန္ဒပြမှု ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးလှသိန်း အပါအဝင် ၁၅ ဦးကို စာချွန်တော်အမိန့် ထုတ်ဆင့်ပေးဖို့ အတိုက်အခံပါတီတွေရဲ့ လျှောက်ထားမှုတွေကို လက်ခံ စစ်ဆေးသင့်မသင့် နောက်သီတင်းပတ် ၂ ပတ်အကြာမှာ ဆုံးဖြတ်မယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်က သတ်မှတ်လိုက်ပါတယ်။

ဒီကနေ့ ကြားနာမှုနဲ့ ပတ်သက်လို့ ကြံခိုင်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က အခုလို ပြောပါတယ်။

“ဒီကနေ့ တရားလွှတ်တော်ချုပ်က (တရားသူကြီး) သုံးပါးထိုင်နဲ့ ကျွန်တော်တို့ပါတီက တင်ထားတဲ့ စာချွန်တော်ကိုပမာဏအဆင့် ကြားနာတာပေါ့။ ဒါကို သူတို့အကြောင်းပြန်မယ်။ လက်ခံမခံဆိုတာ သူတို့ ထုတ်လိမ့်မယ်။ ကြားနာတဲ့အဆင့်ပဲ။ ဘာမှ လျှောက်လဲချက်တွေ ဘာတွေ ပေးစရာမလိုဘူး။ ကျွန်တော်တို့ စာချွန်တော်တင်တဲ့ဟာကို ရှေ့နေက လျှောက်လဲတယ်။ တရားသူကြီးများက ကြားနာတယ်။ ပြီးတော့မှ သူတို့ တစုံတခု လက်ခံမယ် လက်မခံဘူး အကြောင်းပြန်လိမ့်မယ်ခင်ဗျ” လို့ ဆိုပါတယ်။

တရားသူကြီးတွေဘက်က ဒီတိုင်ကြားချက်တွေနဲ့ ပတ်သက်လို့ ကြားနာတာသာဖြစ်ပြီး တစုံတရာ မှတ်ချက်ပေးမေးမြန်းတာမျိုး မရှိဘူးလို့လည်း ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် ၁၅ ဦးကို အာဏာပေးစာချွန်တော် (သို့မဟုတ်) အာဏာပိုင်မေးစာချွန်တော် အမိန့်နဲ့ ထုတ်ဆင့်ပေးဖို့ ပြည်ထောင်စု ကြံ့ခိုင်ဖွံဖြိုးရေးပါတီ နဲ့ အရင် သမ္မတရုံး ဝန်ကြီးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်၊ အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစိုးမောင်တို့က လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုတွေကို ကနဦးအဆင့် လက်ခံကြားနာဖို့ သင့်မသင့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြည်ထောင်စု တရားရုံးချုပ်တရားသူကြီး သုံးဦးက ဗီဒီယိုကနေတဆင့် ကြားနာခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီ ၂၉ ရက်မှာ ဆန္ဒပြသူတွေ

၂၀၂၀ ရွေးကောက်ပွဲအပြီး အငြင်းပွားမှုတွေ၊ မဲမသမာမှုတွေနဲ့ မဲစာရင်းမှားယွင်းမှုတွေနဲ့ ပတ်သက်လို့ စိစစ်ပေးဖို့ရွေးကောက်ပွဲ ကော်မရှင်ကိုရော သမ္မတတကိုပါ တောင်းဆိုခဲ့ပေမယ့် တစုံတရာ အရေးယူ ဆောင်ရွက်တာ မရှိတဲ့အတွက် စာချွန်တော်အမိန့် ထုတ်ဆင့်ဖို့ လျှောက်ထားရတာ ဖြစ်တယ်လို့ ဇန်နဝါရီလ အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြံခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုထားပါတယ်။

ဝန်ကြီးဟောင်း ဦးစိုးမောင်ရဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ့် တာဝန်တွေ ပျက်ကွက်ခဲ့တယ်လို့ ထောက်ပြပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို တရားစွဲမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တခါ သမ္မတ ဦးဝင်းမြင့် အပါအဝင် လူ ၄ ဦးကို အာဏာပိုင်မေးစာချွန်တော်အမိန့်နဲ့ ထုတ်ဆင့်ပေးဖို့ မန္တလေးကဦးဇော်ဝိတ်ကလည်း တရားရုံးချုပ်ကို လျှောက်လဲထားပါတယ်။

ဒီတိုင်ကြားချက်ကို ကြားနာဖို့ ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်ရဲ့ အမှုခေါ်စာရင်းမှာ ဇန်နဝါရီလ ၂၉ ရက်နေ့ရက်စွဲနဲ့ ဖော်ပြထားပေမယ့် ကြားနာစစ်ဆေးတာ ရှိမရှိကိုတော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကြံ့ခိုင်ရေးပါတီက လျှောက်လဲထားတဲ့ စာချွန်တော်အမှု ကြားနာတဲ့နေ့မှာပဲ ကြံ့ခိုင်ရေးပါတီ ဝန်းရံသူတချို့ဟာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးဘက်ကို ကားအစီး ၃၀ လောက်နဲ့ စုဝေးအင်အားပြဖို့ ကြိုးစားခဲ့ပေမယ့် ရဲတပ်ဖွဲ့ရဲ့ တားဆီးမှုကြောင့် လှည့်ပြန်သွားခဲ့ကြတယ်လို့ နေပြည်တော်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမဲ့ ကြံခိုင်ရေးပါတီ ဝန်းရံသူတွေဟာ နေပြည်တော် မြို့မဈေးကို သွားရောက်ပြီး ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးဝင်းမြင့် အပါအဝင် ၄ ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် ၁၅ ဦးကို စာချွန်တော်အမိန့်နဲ့ ထုတ်ဆင့်ပေးဖို့ လျှောက်ထားချက်တွေကို လက်ခံစစ်ဆေးဖို့ ရှိမရှိ တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေ မစတင်ခင် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဆုံးဖြတ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အစောပိုင်းမှာ ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေအရ ချက်ချင်း မဆုံးဖြတ်ဘဲ နောက်နှစ်ပတ်ကို ရွှေ့ဆိုင်းတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။


ဇန်နဝါရီ ၂၉ ရက်မှာ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သွားရာလမ်း အပါအဝင် နေပြည်တော်က နေရာတချို့မှာ လုံခြုံရေးတင်းကျပ်စွာ ချထား

အာဏာပေးစာချွန်တော်အမိန့်၊ အာဏာပိုင်မေးစာချွန်တော်အမိန့် ဆိုတာ ဘာလဲ

အာဏာပေးစာချွန်တော်အမိန့်ဆိုတာကတော့ တရားဝင်အခွင့်အာဏာရှိသူ တဦးဦး သို့မဟုတ် အဖွဲ့အစည်း တခုခုကဖြစ်စေ၊ အစိုးရဌာန တခုခုက ဖြစ်စေ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်နဲ့အညီ လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်မှုကို ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်စေဖို့ ရေးသားထုတ်ပြန်တဲ့ အမိန့်စာကို ဆိုလိုတာ ဖြစ်တယ်လို့ ၂၀၁၄ ခုနှစ်ပြည်ထောင်စု လွှတ်တော်မှာ ပြဋ္ဌာန်းခဲ့တဲ့ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေမှာ ဖော်ပြထားပါတယ်။

အာဏာပိုင်မေးစာချွန်တော်အမိန့်ဆိုတာကတော့ အစိုးရဌာန တခုခု သို့မဟုတ် အခွင့်အာဏာ အပ်နှင်းထားတဲ့ အဖွဲ့အစည်း တခုခုဟာ တဦးတယောက် သို့မဟုတ် အများအပေါ်မှာ ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ထားတာ ရှိမရှိ စိစစ်ကြားနာပြီး ဥပဒေနဲ့ ညီညွတ်ခြင်း ရှိမရှိ ရေးထားထုတ်တဲ့ အမိန့်စာကို ဆိုလိုတာ ဖြစ်ပါတယ်။

တရားမအထွေထွေ လျှောက်ထားမှု (စာချွန်တော်အမိန့်) လျှောက်ထားသူရဲ့ လျှောက်ထားလွှာနဲ့အတူ လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြည့်စုံတယ်ဆိုရင်တော့ ဒီစာချွန်တော်အမိန့်တွေကို ထုတ်ဆင့်နိုင်ဖို့အတွက် ကနဦး ကြားနာဆုံးဖြတ်ရေးအဖွဲ့နဲ့ အပြီးသတ် ကြားနာဆုံးဖြတ်ရေးအဖွဲ့ကို တရားသူကြီး သုံးဦးနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

ကနဦးကြားနာဆုံးဖြတ်ရေးအဖွဲ့ တရားသူကြီးတွေဟာ စာချွန်တော်အမိန့်တွေကို လက်ခံကြားနာဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် အပြီးသတ် ကြားနာဆုံးဖြတ်ရေးအဖွဲ့က လွှဲပြောင်း စိစစ်ကြားနာပြီး အမိန့်ချမှတ်ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု တရားသူကြီးချုပ်ဟာ ဒီအဖွဲ့ ၂ ဖွဲ့လုံးမှာ ပါဝင်ခွင့်ရှိပြီး စာချွန်တော်အမှုတိုင်းမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ အဆုံးအဖြတ်ကသာ အပြီးသတ် အတည်ဖြစ်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55859576

၂၀၂၀ မြန်မာရွေးကောက်ပွဲ - အငြင်းပွားမှုတွေနဲ့ စာချွန်တော်မှု ဂယက်  ၂၀၂၀ မြန်မာရွေးကောက်ပွဲ - အငြင်းပွားမှုတွေနဲ့ စာချွန်တော်မှု ဂယက် Reviewed by THITHTOOLWIN on 22:58 Rating: 5

No comments:

Powered by Blogger.